DVB Logo
Home
မြန်မာသတင်း
ပစ်ခတ်တိုက်ခိုက်ခံရသည့် ကြက်ခြေနီတပ်ဖွဲ့ဝင် ကွယ်လွန်
DVB
·
March 27, 2015
ပစ်ခတ်တိုက်ခိုက်ခံရသည့် ကြက်ခြေနီတပ်ဖွဲ့ဝင် ကွယ်လွန်
Donate to DVB

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်အနီး ပစ်ခတ်တိုက်ခိုက်ခံတဲ့ ကြက်ခြေနီယာဉ်တန်းပါ ကြက်ခြေနီတပ်ဖွဲ့ဝင် ဦးမိုးကျော်သန်းဟာ ၀မ်းဗိုက်မှာရရှိတဲ့ သေနတ်ဒဏ်ရာနဲ့ ဒီနေ့ မွန်းလွဲပိုင်းက မန္တဆေးရုံကြီးမှာ ကွယ်လွန်သွား ပါတယ်။

ကွမ်းလုံမြို့နယ်၊ကြက်ခြေနီအသင်းက ဦးမိုးကျော်သန်း အသက် ၄၅နှစ်ဟာ တလကျော်ကြာ ဆေးကုသမှုခံယူအပြီး ပစ်ခတ်မှုအတွင်းရရှိတဲ့ သေနတ်ဒဏ်ရာကြောင့် မန္တလေးဆေးရုံမှာ ကွယ်လွန်ခဲ့တာလို့ ကွမ်းလုံမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာသိန်းမြို့က အတည်ပြု ပြောပါတယ်။

“ဒီနေ့ နေ့လယ် ၁၂နာရီက မန္တလေးဆေးရုံကြီးမှာဆုံးပါတယ်။ ကျနော်တို့ သူ့ကို တလနဲ့ ဆယ်ရက် အကုန်လုံး အသည်းအသန် ကြိုးစားပြီးတော့ ကုကြပါတယ်။ လားရှိုးကနေ မန္တလေးဆေးရုံကြီး၊ မန္တလေးဆေးရုံကြီးမှာကိုပဲ ရက် ၂၀ ကျော် အရေးပေါ် အိုင်စီယူထဲ ထားပြီး ကုတယ်။ ဒါပေမယ့်လည်း အခုတော့ လက်မြှောက်လိုက်ရပြီပေါ့။”

ကိုးကန့်တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့ကနေ နေရပ်ပြန် စစ်ဘေးဒုက္ခသည်တွေနဲ့ သတင်းထောက်တွေကို တင်ဆောင်လာတဲ့ မြန်မာကြက်ခြေနီယာဉ်တန်း ဖေဖော်ဝါရီ ၁၇ ရက်က ချင်းရွှေဟော်အနီး ပစ်ခတ်ခံရပြီး ကွမ်းလုံ ကြက်ခြေနီတပ်ဖွဲ့ဝင် ဦးမိုးကျော်နဲ့ ဦးဇော်မင်းထိုက်တို့ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အလားတူပစ်ခတ်တိုက်ခိုက်မှုမျိုး ဖေဖော်ဝါရီ ၂၁ရက်မှာ ထပ်မံဖြစ်ပွားခဲ့ပြီး ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေအတွင်း ကြက်ခြေနီအသင်းဝင် ၃ယောက် သေနတ်ဒဏ်ရာ ရရှိခဲ့ကြပြီး ကျန် ၂ယောက်တော့ ဒဏ်ရာသက်သာနေကြပြီဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစိုးရဘက်က ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့လက်ချက်လို့ စွပ်စွဲပြီး ကိုးကန့်တပ်ဖွဲ့ကတော့ သူတို့ လုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

အခု ကွယ်လွန်သွားတဲ့ ကွမ်းလုံမြို့ ကြက်ခြေနီအသင်းဝင် ဦးမိုးကျော်သန်းမှာ ဇနီးနဲ့ သားသမီး ၄ ယောက်ကျန်ရစ်ခဲ့ပြီး ရုပ်အလောင်းကို ကွမ်းလုံကို ပြန်လည်သယ်ဆောင်ပြီး သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

ဦးမိုးကျော်သန်းဟာ ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ကြား တိုက်ပွဲများအတွင်း ပထမဆုံး သေဆုံးခဲ့တဲ့ ကြက်ခြေနီအဖွဲ့ဝင်တယောက် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013