
ကလေးပေါင်ဒါမှုန့်ကြောင့် ကင်ဆာဖြစ်စေတယ်ဆိုပြီး အမေရိကန်မှာ တရားစွဲခံထားရတဲ့ အမှုတွေ အတွက် Johnson & Johnson (J&J) ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံအထိ ပေးလျော် ကျေအေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။
ဒီကမ်းလှမ်းမှုဟာ သူတို့ရဲ့ ကလေးပေါင်ဒါမှုန့်နဲ့ တခြားထုတ်ကုန်တွေမှာ ပါဝင်ခဲ့တဲ့ တာ့လ်က် (talc) ကျောက်မှုန့်ကြောင့် သားဥအိမ်ကင်ဆာ ဖြစ်စေတယ်လို့ စွပ်စွဲထားတဲ့ အမှုပေါင်း ၇၆,၀၀၀ လောက် ကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီလို စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိပေမဲ့ ပြဿနာကို အဆုံးသတ်ချင်တာကြောင့် အခုလို လျော်ကြေးပေးဖို့ ဆုံးဖြတ်တာလို့ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ အဲရစ် ဟားစ်က ဇူလိုင် ၂၇ ရက်မှာ ပြောပါတယ်။
လာမဲ့နှစ်မှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိ စတင်ပေးချေသွားမှာဖြစ်ပြီး ၂၀၂၈ ခုနှစ် မတိုင်ခင် အထိ ထပ်မံပေးချေစရာ ရှိမှာမဟုတ်ဘူးလို့ Johnson & Johnson က ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ဒီအစီအစဉ် အထမြောက်ဖို့အတွက် တရားစွဲဆိုထားသူ ၉၅ ရာခိုင်နှုန်းရဲ့ ရှေ့နေတွေဘက်က သဘောတူညီဖို့တော့ လိုအပ်ပါသေးတယ်။
တရားစွဲဆိုသူတွေက ကုမ္ပဏီရဲ့ ပေါင်ဒါမှုန့်မှာ ကင်ဆာဖြစ်စေတဲ့ ကျောက်ဂွမ်းဓာတ် ပါဝင်နေတယ် လို့ ဆိုကြတာပါ။
ကုမ္ပဏီဘက်ကတော့ သူတို့ရဲ့ ပေါင်ဒါမှုန့်ဟာ ဘေးကင်းလုံခြုံပြီး ကင်ဆာဖြစ်စေတဲ့ဓာတ်တွေ မပါဝင်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် Johnson & Johnson ဟာ တာ့လ်က် လို့ခေါ်တဲ့ တွင်းထွက်ကျောက်မှုန့် အခြေခံ ကလေးပေါင်ဒါမှုန့် ရောင်းချမှုကို ၂၀၂၂ ခုနှစ်ကစပြီး ကမ္ဘာတဝန်းမှာ ရပ်ဆိုင်းခဲ့ပါတယ်။
လက်ရှိမှာတော့ ကုမ္ပဏီအနေနဲ့ ပြောင်းဖူးကစီဓာတ် အခြေခံတဲ့ ကလေးပေါင်ဒါမှုန့်တွေကိုသာ ပြောင်းလဲ ထုတ်လုပ်ရောင်းချနေပြီ ဖြစ်ပါတယ်။
Source:Reuters










