DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများ လွတ်မြောက်ရေး မြို့ကြီးအချို့တွင် ဆန္ဒပြ
DVB
·
March 27, 2015
သပိတ်မှောက်ကျောင်းသားများ လွတ်မြောက်ရေး မြို့ကြီးအချို့တွင် ဆန္ဒပြ
1 / 14
Donate to DVB

သာယာဝတီထောင်မှာ ဖမ်းဆီးတရားစွဲခံနေရတဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေလွတ်မြောက်ရေးအတွက် ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းက မြို့ကြီးတွေနဲ့ ထားဝယ်မြို့မှာ ကျောင်းသူကျောင်းသားတွေ ဒီကနေ့ မနက်ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန် သိမ်ကြီးဈေးမှာ ဆန္ဒထုတ်ဖော်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်  ဒု-ဥက္ကဋ္ဌ ကိုဂျိမ်းက “ကျနော်တို့က အဓိက အချက် ၄ ချက်ကို တောင်းဆိုမှာပါ။ အဲဒီအချက် ၄ ချက်တော့ ကျောင်းသားပြည်သူကို အခြေခံတဲ့ ပညာရေးဥပဒေအမြန်ဆုံး ပေါ်ပေါက်လာဖို့၊ ဖမ်းဆီးထားတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူတွေအားလုံးကို လွှတ်ပေးဖို့၊ အကြမ်းဖက်ဖြိုခွင်းတဲ့ အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်။ နောက်တချက်က ဥပဒေအထက်လွန်ပြီး အကြမ်းဖက် ဖြိုခွဲတဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့”  တောင်းဆိုတာဖြစ်တယ်” လို့ ပြောပါတယ်။

ကျောင်းသားတွေ မနက် ၁၀ နာရီ ၁၀ မိနစ်မှာ ဆန္ဒပြမယ်လို့ ကြေညာထားပြီး သူတို့ ဆန္ဒပြမှုမလုပ်ခင် ၉ နာရီလောက် သိမ်ကြီးဈေးမှာ ရဲတပ်ဖွဲ့အင်အားအများအပြား ကြို တင်ရောက်ရှိနေကြပါတယ်။

လုံခြုံရေးအင်အား တင်းကြပ်စွာချထားပေမယ့်လည်း ကျောင်းသား ၃၀ လောက်ကတော့ သူတို့ ရည်ရွယ်ထားတဲ့အတိုင်း ဆန္ဒထုတ်ဖော်ခဲ့ပြီး ၀ရမ်းထုတ်ခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်က မိန့်ခွန်းပြောကြားသွားခဲ့တယ်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကော်မတီဝင် ကိုအောင်နေပိုင်က ပြောပါတယ်။

“ပထမပိုင်းမှာ စနိုင်ဖို့ တော်တော်ကြိုးစားရတယ်။ နောက်ပိုင်းမှာ ကျနော်တို့ ဒီကျောင်းသား ၂၀ ကျော်နဲ့ ဘေးက၀န်းရံကျောင်းသားရောဆို ၄၀ လောက်နဲ့စုပြီးတော့ ထွက်လာတယ်။ ထွက်လာ တဲ့အချိန်မှာ တားဆီးမှုတွေရှိပေမယ့်လည်း ကျနော်တို့ သိမ်ကြီးဈေးလူကူးတံတားအလယ်မှာ ကြွေးကြော်သံတွေတိုင်တယ်။ သီချင်းတွေဆိုတယ်၊ ပြီးတော့ ဒီလုပ်ရတဲ့အကြောင်းရင်းကို ကိုနန္ဒစစ်အောင်ကနေ ဦးဆောင်ပြီး ရှင်းပြတယ်။ နောက်ပြီး လက်ရှိ ကျောင်းသားတွေ အကြမ်း ဖက်မှုနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူတွေကိုရှင်းပြတယ်။ အစိုးရကို နိုင်ငံရေး နည်းလမ်းနဲ့ဖြေရှင်းဖို့လိုတယ်။ အကြမ်းဖက်နည်းလမ်းနဲ့ဖြေရှင်းနေရင် ဒီပညာရေးဥပဒေကိစ္စအောင်မြင်မှာ မဟုတ်ဘူးပေါ့နော်။”

နာရီဝက်လောက်ဆန္ဒထုတ်ဖော်ပြီး လုံခြုံရေးအင်အားက ဖမ်းဆီးမယ့်အနေအထားကြောင့် လူစုခွဲခဲ့တယ်လို့ ကိုအောင်နေပိုင်က ပြောပါတယ်။

မန္တလေးမြို့မှာတော့ အစောပိုင်းက အိမ်တော်ရာဘုရားကနေ စထွက်မယ်လို့ ကြေညာထားပေမယ့် လုံခြုံရေးအင်းအား အများအပြား တိုးမြှင့်ချထားမှုကြောင့် ၃၅-၇၃ လမ်းကနေ ကျောင်းသား ၃၀ လောက်က မော်တော်ဆိုင်ကယ်တွေနဲ့ ထွက်ခဲ့တယ်လို့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

“၇၈ လမ်းနဲ့ မင်းရဲကျော်စွာလမ်းအရောက်မှာ အာဏာပိုင် စခန်းမှူးတယေက်က လာတားပါတယ်။ ကျောင်းသားတွေက ဆိုင်ကယ်နဲ့ဆိုတော့ မောင်းထွက်လာတယ်။ ထွက်တော့ သက္ကသိုလ်မိန်းရှေ့အရောက်မှာ မြို့နယ်ခရိုင်ကထွက်တားတယ်။ ဒါပေမယ့် သူတို့ ဆိုင်ကယ်နဲ့ မောင်းပြီးထွက်လာတယ်။ အခုကျနော်တို့ သိပ္ပံလမ်း ကညန ရုံးရှေ့ကို ရောက်နေပါပြီ။ ဗကသ အလံတလံထပ်တိုးပါတယ်။ ဗကသအလံ ၃ လံနဲ့ ဖက်ဆစ်တော်လှန်ရေးအလံရယ် ၄ လံဖြစ်သွားတယ်။ လက်ပံတန်းမြို့မှာ ဖမ်းဆီးခံထားတဲ့ကျောင်းသားတွေအမြန်ဆုံး လွတ်မြောက်ရေး၊ အာဏာရှင်အစိုးရကျဆုံးဖို့၊ အဲဒါတွေကို ကြွေးကြော်သံအော်ပါတယ်။ ပြီးတော့ စာရွက်တွေလည်း ကျဲပါတယ်ခဗျာ။”

ဧရာဝတီတိုင်း မြောင်းမြမြို့မှာတော့ ကျောင်းသား ၃၀ ကျော်က ဖမ်းဆီးခံကျောင်းသားရဲ့ ၀န်းရံပြည်သူတွေလွှတ်မြောက်ရေး အင်္ကျီ ဆင်တူဝတ်ဆင်မှု၊  စတစ်ကာနဲ့ သီချင်းဖျော်ဖြေမှု ကမ်ပိန်းလုပ်ဆောင်နေတယ်လို့  မြောင်းမြမြို့က ဗကသ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုတေဇာကပြောပါတယ်။

“ဘယ်လိုရည်ရွယ်ချက်လဲဆိုတော့ ကျနော်တို့ ဖမ်းဆီးခံကျောင်းသားတွေရယ်၊ ၀န်းရံပြည်သူတွေ ပြန်လည်လွတ်မြောက်ရေးအတွက်ကို ကျနော်တို့က ပြည်သူတွေသိရှိသွားအောင်၊ နောက်ပြီး ဒီဘက်က မြောင်းမြမြို့ပေါ်ကနေပြီး အဖမ်းခံထားရတဲ့ကျောင်းသား ၁ ယောက်နဲ့ ကျောင်းသူ ၁ ယောက်အတွက်လည်း ကျနော်တို့ ကမ်ပိန်းဆင်းတာပါခင်ဗျာ။”

ဟင်္သာတ ဆန္ဒထုတ်ဖော်မယ့်ကျောင်းသားတွေကိုတော့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တိုးဝင်းက လာရောက်တားဖြစ်ခဲ့ပါတယ်။

ဖမ်းဆီးခံကျောင်းသားတွေနဲ့ ၀န်းရံ ပြည်သူတွေ လွတ်မြောက်ရေးအတွက် တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း ဒီနေ့မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်ဆန္ဒပြပွဲ (ဓာတ်ပုံ - ကောင်းထက်ကျော်)

[gallery ids="87392,87393,87394,87395,87396"]

ဟင်္သာတ ဆန္ဒပြပွဲ (ဓာတ်ပုံ - ပြည့်ဖြိုး)

[gallery ids="87397,87398,87399,87400"]

ထားဝယ်ဆန္ဒပြပွဲ (ဓာတ်ပုံ - သန်းဝင်းဖေ့စ်ဘွတ်ခ်)

[gallery ids="87401,87402,87403,87404,87405"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
သပိတ်မှောက်ကျောင်းသားများ လွတ်မြောက်ရေး မြို့ကြီးအချို့တွင် ဆန္ဒပြ