
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ ဟာမစ်တစ်အနီးရှိ ဆီဆိုင်မှာ မတ် ၂၆ ရက် ဒီကနေ့ နေ့လယ် ၂ နာရီက အငှားယာဥ်မောင်းတယောက် သတိလစ်မေ့မြောကာ သေဆုံးခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။
စက်သုံးဆီရရှိရေးအတွက် ဆီတန်းစီနေရာ အပူရှိန်ကြောင့် သတိလစ်မေ့မြောနေစဥ် နီးစပ်ရာယာဥ်တွေက ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ဖို့ ကြိုးစားခဲ့ပေမဲ့ လမ်းမှာ သေဆုံးသွားတာလို့ အငှားယာဥ်မောင်းတယောက်က DVB ကို ပြောပါတယ်။
“ဆီတန်းစီနေရင်း သတိလစ်နေတာတွေ့လို့ ဆေးရုံပို့တဲ့အချိန်မှာ လမ်းမှာတင် ဆုံးသွားတာ။ သေတဲ့သူက မြန်မာသံစဥ်သီဆိုတဲ့ အဆိုတော်တဦးပါ။ သူ့ကားထဲမှာ သဘင်အစည်းအရုံးက ကတ်တွေ တွေ့တယ်။”
သေဆုံးသူမှာ တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်၊ ပုလဲလမ်းနေ ဦးတင်ထွန်းဖြစ်ပြီး သဘင်အစည်းအရုံး ကတ်မှာပါရှိတဲ့ အမည်မှာ ပက်ထရစ်တင်ထွန်း ဖြစ်ကြောင်း လူမှုကွန်ရက်မှာ တင်ထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
မတ် ၂၃ ရက် နေ့လယ် ၂ နာရီခွဲကလည်း ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာမှာ စက်သုံးဆီတန်းစီရင်း ကယ်ရီမောင်းနှင်သူတယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“မနက်ကတည်းက ဆီသွားတန်းစီတာ နေ့ခင်းရောက်တော့ ခေါင်းကိုက်တယ်ဆိုပြီး အိမ်ပြန်လာတာ၊ အိမ်ရောက်တော့ ခေါင်းတွေအရမ်းကိုက်ပြီး သွေးပေါင်ကျပြီး သေသွားတယ်။ သေတဲ့သူက ရပ်ကွက် ၁၂ က ကယ်ရီမောင်းတဲ့သူ အသက် ၄၀ လောက်ရှိမယ်။”
မတ်လနဲ့ ဧပြီလအတွင်း နေ့အပူချိန် သိသိသာသာ မြင့်တက်လာနိုင်ပြီး အပူဒဏ်ကြောင့် ကျန်းမာရေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ ပြည်သူတွေ အထူးသတိထားကြဖို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြထားပါတယ်။
အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် မတ် ၃ ရက်မှာ စစ်ကောင်စီက စုံ နဲ့ မ စနစ်ကို သတ်မှတ်ခဲ့ကာ စက်သုံးဆီခွဲတမ်းကို QR နဲ့ စကန်ဖတ်ပြီး ရောင်းချဖို့ ညွှန်ကြားခဲ့ပေမဲ့ ဆီဆိုင်တွေမှာ ဝှီးတက် QR ကုတ်ကို စကန်ဖတ်မရလို့ ဆီမထုတ်ရတဲ့ ပြဿနာတွေကို အခုချိန်ထိ ရင်ဆိုင်နေရပါတယ်။










