DVB Logo
Home
Lead Story
ခမ်းနားကြီးကျယ်အောင် ချဲ့လာတဲ့ ခေတ်မင်္ဂလာဆောင်
DVB
·
March 27, 2015
ခမ်းနားကြီးကျယ်အောင် ချဲ့လာတဲ့ ခေတ်မင်္ဂလာဆောင်
1 / 2
Donate to DVB

ရှေးရိုးစဉ်လာ မြန်မာ မင်္ဂလာဆောင်နဲ့ ခေတ် မင်္ဂလာဆောင်တို့မှာ ခြားနားတာတွေ တော်တော်များလာတယ်။

ခုခေတ် မင်္ဂလာဆောင်မှာ အနောက်တိုင်း၊ အရှေ့တိုင်းဓလေ့များစွာ ရောသမ မွှေထားတာတွေကို တွေ့နိုင်ပါတယ်။ ချဲ့နိုင်သလောက်လည်း အကျယ်ချဲ့ပြီး ခမ်းနားကြီးကျယ်အောင် လုပ်ကြတာလည်း တွေ့ရတယ်။

မင်္ဂလာဧည့်ခံပွဲ မစခင်မှာ စေ့စပ်ကြောင်းလမ်းတာကို တခမ်းတနားလုပ်သူက လုပ်တယ်။ မင်္ဂလာခမ်းမတွေက လိုချင်တဲ့ ရက်မရတော့ သတို့သား၊ သတို့သမီးက စိတ်တိုင်းကျ ရက်မြတ်မှာ လက်ထပ်နှင့်တာ၊ မင်္ဂလာဆွမ်းကပ်နှင့်တာလုပ်ပြီး မင်္ဂလာဧည့်ခံပွဲကို အဆင်ပြေတဲ့ရက် ခန်းမအားတဲ့ရက်မှာ ကျင်းပတယ်။

ရိုးရာ အစဉ်အလာကတော့ မင်္ဂလာလက်ထပ်ခြင်းကို ၁၀ မျိုးသတ်မှတ်ထားတယ်။

၁။ ပုဆိုးတန်းတင်ထိမ်းမြားခြင်း၊

၂။ထမင်းလက်ဆုံစားထိမ်းမြားခြင်း၊

၃။ လက်စွပ်ချင်း လဲလှယ်ပြီး ထိမ်းမြားခြင်း၊

၎။ အ၀တ်လဲပြီး ထိမ်းမြားခြင်း၊

၅။လက်ခြင်းထပ်ပြီး ထိမ်းမြားခြင်း၊

၆။ ဒါလီဖွဲ့ပြီး ထိမ်းမြားခြင်း၊

၇။ စုလျားရစ်ပတ် ထိမ်းမြားခြင်း၊

၈။ ပန်းကုံးစွပ်ပြီးထိမ်းမြားခြင်း၊

၉။ ရေခွက်မှာ လက်ဆုံချပြီး ထိမ်းမြားခြင်း၊

၁၀။ ဦးထိပ်ထက်မှာ ရေစင်သွန်းပြီးထိမ်းမြားခြင်းတို့ ဖြစ်ပါတယ်။

ကျေးလက်ဒေသမှာတော့ သင့်လျော်ရာနေရာမှာ မင်္ဂလာမဏ္ဍာပ်ထိုးတယ်၊ ဒါမှမဟုတ် မင်္ဂလာဥယျာဉ် ပြင်ဆင်ပြီး ဧည့်ခံတယ်။ မြို့ပြမှာ သတို့သမီး၊ သတို့သား နေထိုင်တဲ့အိမ်တွေက ဧည့်ပရိသတ်ကို ဧည့်ခံနိုင်လောက်အောင် မကျယ်ဝန်းကြတော့ မင်္ဂလာခန်းမ၊ ဒါမှမဟုတ် ဘုန်းကြီးကျောင်းခန်းမမှာ မင်္ဂလာပွဲနွှဲတာက ခေတ်ဓလေ့ ဖြစ်လာတယ်။

မင်္ဂလာခန်းမစင်မြင့်နောက်မှာ နောက်ခံကန့်လန့်ကာ Backdrop ပေါ်မှာ သတို့သား သတို့သမီးရဲ့ အမည်တွေနဲ့ ပညာအရည်အချင်းတွေကို စာလုံးဖောက်ပြီး ဖော်ပြတယ်။

မြို့ပြ မင်္ဂလာဆောင်ဓလေ့က သတို့သားနဲ့ အသိုင်းအ၀န်းက သတို့သမီးအိမ်ကို ဆိုင်ကယ်တွေ ရှေ့တော်ပြေးပါတဲ့ မော်တော်ကားတန်းနဲ့လာပြီး ခေါ်တယ်။ သတို့သမီး၊ သတို့သားက ပန်းတွေနဲ့ ဆင်ထားတဲ့ကားမှာ ယှဉ်တွဲပြီး အတူထိုင်ကာ မင်္ဂလာခန်းမကို သွားရောက်ကြတယ်။

ခန်းမကို ရောက်တော့ ရှေ့ဆုံးက ပန်းကြဲတဲ့သူတွေက ဦးဆောင်ပြီး မင်္ဂလာမောင်နှံကို ခမ်းမထဲ ခေါ်လာတယ်။ မင်္ဂလာမောင်မယ်ရဲ့နောက်မှာ ဆွေမျိုးမိတ်သင်္ဂဟတွေက တန်းစီပြီး ၀င်ရောက်လာတယ်။

ဒီအချိန်မှာ ခန်းမထဲမှာရှိတဲ့ တီးဝိုင်းက မင်္ဂလာ အခါပေးတေးသံနဲ့ သီချင်းကို မင်္ဂလာ အပြည့်အ၀နဲ့ သီဆိုကျူးရင့်ပါတယ်။ ဒီနေရာမှာ တတ်နိုင်ရင် တတ်နိုင်သလို တီးဝိုင်းကလည်း နာမည်ကျော်ကို အသုံးပြုတယ်။ မင်္ဂလာတေးသီကြွေးဖို့လည်း နာမည်ကြီးအဆိုကျော်ကို ခေါ်တယ်။ မင်္ဂလာပန်းကြဲဖို့လည်း ချောပေ့လှပေ့ဆိုတဲ့ ထိပ်သီးမော်ဒယ်တွေကို ငှားပါတယ်။

တေးဂီတသံနဲ့အတူ သတို့သား၊ သတို့သမီးနဲ့ နှစ်ဘက်ဆွေမျိုးတွေကတော့ ယဉ်ယဉ်လေး အနှေးလျှောက်ကာ ၀င်လာတယ်။ တီးဝိုင်းအကုန်အကျမခံတဲ့ မင်္ဂလာဆောင်ကတော့ ရွာစား စိန်ကက်ဆက် ရဲ့ တေးသံနဲ့ အနှေးလျှောက်ပါတယ်။

တခါတလေ အဆင်မပြေချင်တဲ့ အခါ မင်္ဂလာတေးသီချင်းကို ဖွင့်တဲ့ စီဒီချပ်က မင်္ဂလာသံ မထွက်ဘဲ ဒို့တာဝန်အရေးသုံးပါးတို့၊ နိုင်ငံရေးဦးတည်ချက်တို့ အသံပြဲကြီးနဲ့ ထွက်လာလို့ သတို့ သား၊ သတို့သမီးခမျာ လှမ်းလက်စ ခြေလှမ်းတွန့်သွားရတာလည်း ရှိပါတယ်။

unnamedမင်္ဂလာစင်မြင့်ထက်မှာ ထိုင်စရာ ဆိုဖာခုံကြီးတွေ ထားလေ့ရှိတယ်။ အညာမင်္ဂလာဆောင် တော့ သတို့သား၊ သတို့သမီးက ခန်းမထဲ ၀င်လာပြီး စင်ထက်ကထိုင်ခုံမှာ အခန့်သားထိုင်လေ့ မရှိဘူး။ ဧည့်ပရိသတ်ကို လှည့်ပတ်ပြီး နှုတ်ဆက်လေ့ ရှိတယ်။

မင်္ဂလာပွဲတို့အစဉ်အလာက စစချင်း လူသိပ်မစည်ဘူး။ မင်္ဂလာဧည့်ခံပွဲစလို့ ၁  နာရီလောက်ကြာမှ ဧည့်သည်ပရိသတ်စများလာတာ။ ဧည့်ပရိသတ်တွေ တသောသော တဝေါဝေါ ပြုံကျခါနီး အချိန်အခါမျိုးမှာ လက်ထပ်မင်္ဂလာအခမ်းအနား စလေ့ရှိတယ်။

မင်္ဂလာအခမ်းအနားမှူး ဒါမှမဟုတ် မင်္ဂလာဘိသိက်ဆရာက လက်ထပ်မင်္ဂလာပွဲကို ဦးဆောင်တယ်။ လက်ထပ်မင်္ဂလာပွဲ စတင်တော့မယ့်အကြောင်း မင်္ဂလာအခမ်းအနားမှူးလုပ်တဲ့ သူက နှိုးဆော်တယ်။ စင်မြင့်ထက်မှာ လက်ထပ်မင်္ဂလာပွဲ ကျင်းပဖို့ လိုအပ်တဲ့ ငွေဖလား၊ မင်္ဂလာပန်းကုံး၊ မင်္ဂလာလက်စွပ်စတဲ့ အရာတွေကို စီစဉ်ပြင်ဆင်တယ်။

အားလုံး အဆင်သင့်ဖြစ်ချိန်မှာ လက်ထပ်မင်္ဂလာပွဲကို အစီအစဉ်တခုပြီးတခု စဉ်တိုက် ဆက်တိုက် ကျင်းပသွားပါတယ်။

ဓာတ်ပုံ - ဘိုအဖွဲ့

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013