DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွင်း စစ်တပ်က ဗုံးအများအပြားကြဲချ၊ ဒေသခံများ ထိခိုက်သေဆုံး
DVB
·
October 20, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တောင်ပိုင်းရှိ စစ်အာဏာရှင် တပ်ရင်းဖြစ်တဲ့ အမတ-၃၇၇ တပ်ရင်းအနီး ပတ်ဝန်းကျင် တောင်တန်းတွေနဲ့ ဂွမြို့နယ် ကျိန္တလီမြို့ကို အောက်တိုဘာ ၁၉ ရက် ညနဲ့ ၂၀ ရက် မနက်ပိုင်းမှာ ဂျက်တိုက်လေယာဉ် ၆ စင်းနဲ့ Y-12 တစင်း အသုံးပြုပြီး လေကြောင်းကနေ ဗုံးအလုံးရေ ၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သက်ဆိုင်ရာ မြို့နယ် ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၀ ရက် မနက် ၃ နာရီကစပြီး ဂျက်တိုက်လေယာဉ်နဲ့ Y-12 လေယာဉ် ၆ စင်းကို အသုံးပြုပြီး ၁ နာရီနီးပါးကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံတွေလည်း စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ဖြတ်သန်းနေကြရတယ်လို့ ကျောက်တော်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ဒီနေ့မနက် ၃ နာရီလောက်မှာ ဂျက်ဖိုက်တာတွေ၊ Y-12 တွေနဲ့ လေယာဉ်အုပ်စုလိုက် လာပြီး ဗုံးကြဲသွားတာဗျာ။ ကျနော်တို့ရွာနဲ့ဆို သိပ်မဝေးဘူး။ ညအချိန်ဆို ဗုံးသံတွေက တအားကြီး ကျယ်တော့ ကြောက်အားတကြီးနဲ့ လန့်ပြီး နိုးလာကြတာ။ ကလေးတွေဆို တုန်နေကြတယ်။ ပထမ ဂျက်ဖိုက်တာတွေနဲ့ ဗုံးတွေ ဆက်တိုက်ကြဲတယ်။ နောက်ဆုံး Y-12 နဲ့ပတ်ပြီး ထပ်ဗုံးကြဲသွားတာ။ ဗုံးအလုံး ၃၀ လောက် ကြဲချသွားတာ။ စစ်ဘက်ဆိုင်ရာ နေရာတွေဖြစ်လို့ ထိခိုက်မှုတော့ မသိရဘူး။ ဒါပေမဲ့ ဒေသခံတွေက ညတညကို အကောင်းမအိပ်ရဘဲ နေ့တိုင်း စိုးရိမ်ထိတ်လန့်မှုတွေနဲ့ပဲ ဖြတ်သန်းနေကြရတယ်။”

စစ်အာဏာရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်သွားတဲ့ အမတ-၃၇၇ တပ်ရင်းနဲ့ အနီးပတ်ဝန်းကျင်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကလည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်အာဏာရှင်တပ်ဟာ အောက်တိုဘာအတွင်းမှာ ကျောက်တော်မြို့နယ်အတွင်းမှာရှိတဲ့ သူတို့ရဲ့ တပ်မဌာနချုပ်ဟောင်းတွေ၊ တပ်ရင်းဌာနချုပ်ဟောင်းတွေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ဂွမြို့နယ် ကျိန္တလီမြို့ကိုလည်း အောက်တိုဘာ ၁၉ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေရဲ့ နေအိမ် ၇ အိမ်ထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့လည်း ကျိန္တလီမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“မနေ့ည ၁၀ နာရီခွဲမှာ မြို့လယ် အဝိုင်းကြီးနားကို ဂျက်ဖိုက်တာတစီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာ ရှိတယ်။ လူအထိအခိုက်မရှိပေမဲ့ အိမ်တွေက ၇ ဆောင်ထက်မနည်း ထိခိုက်ပျက်စီးသွားတာ ရှိတယ်။ ဂွဘက် ဗုံးမကြဲတာ တလနီးပါးလောက် ရှိပြီဆိုတော့ လူတွေက စိတ်နည်းနည်း သက်တောင့်သက်သာ ရှိသေးတယ်။ အခု လာကြဲသွားပြီ။ ဘယ်မှာ သွားနေရတော့မယ်မှန်းလည်း မသိတော့ဘူး။”

စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၁၀ ရက်နဲ့ ၂၆ ရက်တွေက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

အောက်တိုဘာ ၁၈ ရက်ကလည်း ရသေ့တောင်မြို့နဲ့ ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာ ပိုက်ဆိပ်တွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရသေ့တောင်မြို့နယ်မှာ ဒေသခံ ၃ ယောက်နဲ့ ပေါက်တောမြို့နယ်မှာ ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သက်ဆိုင်ရာမြို့နယ် ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့နဲ့ မြို့အနီးရှိ ပြားချောင်ကြီးရွာနဲ့ ပြင်ခေါင်ကျေးရွာကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းမှာ Y-12 လေယာဥ်တွေနဲ့ ဗုံးကြဲခဲ့လို့ ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက် မနက်ပိုင်း ၁ နာရီနဲ့ ၂ နာရီကြားမှာ စစ်အာဏာရှင်တပ်က Y-12 လေယာဥ်တစီးနဲ့ ဗုံးအလုံး ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရသေ့တောင်မြို့က မခိုင်သန်းဦး (၂၂ နှစ်) နဲ့ ပြင်ခေါင်ကျေးရွာက အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ရသေ့တောင်မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“ညအချိန်မှာ Y-12 နဲ့ ပတ်ပြီး ဗုံးကြဲသွားတာဗျာ။ ရသေ့တောင်မြို့ပေါ်က အရှေ့တောင်ရပ်ကွက်၊ ဂူတာပြင်ရပ်ကွက်နဲ့ မြို့တဖက်ကမ်းက ပြားချောင်ကြီး၊ ပြင်ခေါင်ရွာတွေ ဗုံးကြဲသွားတာ။ ညအချိန်ဆိုတော့ လူတွေက အားလုံး တလန့်တကြားတွေနဲ့ ဖြတ်သန်းနေရတာ။ ရသေ့တောင်မြို့က လူငယ် အမျိုးသမီးတဦးနဲ့ ပြင်ခေါင်ရွာက အမျိုးသားတဦး၊ အမျိုးသမီးတဦး ဒဏ်ရာရသွားတယ်။ အသေအပျောက်တော့ မရှိဘူး။ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေလည်း ထိခိုက်ခဲ့တာရှိတယ်။”

ဒါ့အပြင် ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာကို အောက်တိုဘာ ၁၈ ရက် မနက် ၉ နာရီမှာ ဂျက်တိုက်လေယာဉ်တွေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပေါက်တောမြို့နယ် ကြိုးရှီရွာက ဦးထွန်းဦးစိန်၊ ရွာချောင်ကြီးရွာက ဦးတင်မောင်ဦးနဲ့ ဒေသခံ အမျိုးသားတယောက်လည်း ဒဏ်ရာ ရရှိသွားတယ်လို့ ပေါက်တောဒေသခံတွေက ပြောပါတယ်။

စစ်အာဏာရှင်တပ်ဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့ ရွာတွေကို နေ့စဉ်ရက်ဆက်ဆိုသလို လေကြောင်း ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ဆက်တိုက်မြင့်တက်လာနေပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013