DVB Logo
Home
မြန်မာသတင်း
အစိုးရ၀န်ထမ်းလစာများတိုးမြှင့်၊ ရှားပါးစရိတ်ဖြတ်တောက်
DVB
·
March 26, 2015
အစိုးရ၀န်ထမ်းလစာများတိုးမြှင့်၊  ရှားပါးစရိတ်ဖြတ်တောက်
Donate to DVB

အစိုးရက နိုင်ငံဝန်ထမ်းတွေအတွက် အနိမ့်ဆုံးလစာကို ကျပ် ၁သိန်း ၂ သောင်းကနေ  အမြင့်ဆုံးလစာ ကျပ် ၅ သိန်းအထိ ရာထူးအဆင့်အလိုက်တိုးပေးမယ်လို့  ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ ပြောပါတယ်။

လက်ရှိ အနိမ့်ဆုံးဝန်ထမ်းလစာ ကျပ် ၇သောင်းခွဲ ပေးနေရာကနေ ၁သိန်း၂သောင်း၊ အမြင့်ဆုံးဝန်ထမ်းလစာကိုတော့ လက်ရှိ ကျပ် ၂သိန်းခွဲက  ကျပ် ၅သိန်း တိုးပေးတာဖြစ်လို့  ရာထူးအနိမ့်ဆုံးအဆင့် ၀န်ထမ်းက ကျပ် ၄၅၀၀၀ ခွဲပဲလခတိုးရပြီး  ရာထူးအမြင့်ဆုံးဝန်ထမ်း ကတော့  ၂ ဆ လခတိုးသွားတာပါ။

လစာနှုန်းထားသစ်တွေကို ဧပြီလကစပြီး ခံစားခွင့်ရကြမှာပါ။ ဒါပေမယ့် လက်ရှိ ၀န်ထမ်းတွေကို လစဉ်ပေးနေတဲ့ ထောက်ပံ့ကြေး ကျပ် ၃ သောင်းကို မပေးတော့ဘူးလို့လည်း ၀န်ကြီးကပြောပါတယ်။

ဘဏ္ဍာရေးဝန်ကြီး လွှတ်တော်ထဲ လာရောက်ရှင်းလင်တင်ပြချက်အရ  အနိမ့်ဆုံးဝန်ထမ်းနဲ့ အမြင့်ဆုံးဝန်ထမ်းအကြား လစာကွာဟချက်ပိုများသွားပြီလို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

“ဘာကြောင့်ဆိုတာတော့ မရှင်းပြဘူး။ ဒါပေမယ့် အရင်တုန်းကဆိုရင်တော့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံးက ၃ ဒသမ ၃ဆ ကွာတယ်ပေါ့။ အခုပြင်ထားတဲ့ နှုန်းအရဆိုရင်တော့ ၄ ဒသမ ၂ ဆလောက် ဖြစ်သွားတာပေါ့။”

အခုတိုးပေးလိုက်တဲ့ ရာထူးအမြင့်ဆုံးဝန်ထမ်းလစာ ကျပ် ၅ သိန်းဟာလည်း သူ့အထက်က ဒုဝန်ကြီးလစာ ကျပ်သိန်း ၂၀ နဲ့ ယှဉ်ကြည့်ရင် ၄ ဆလောက်ကွာနေတာ ဖြစ်ပါတယ်။

သီပေါလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကတော့ အစိုးရအသုံးစရိတ်တွေ ချွေတာဖို့လိုမယ်လို့ သုံးသပ်ပါတယ်။ “အစိုးရက ဒီလို ပေးနိုင်အောင် ငွေမဖောင်းပွအောင် တခြား အသုံးစရိတ်တွေ ချွေတာနိုင်တာချွေတာစေချင်တာပေါ့၊ ယိုပေါက်တွေဖြစ်နေတဲ့ အခွန်အကောက်တွေ ရအောင်ကောက်ဖို့ပေါ့၊ ကျနော်က တရုတ်မြန်မာနယ်စပ် လမ်းကြောင်းပေါ် ထိုင်နေတဲ့အခါကျတော့ ရသင့်ရထိုက်တဲ့အခွန်တွေ ပြည့်ပြည့်၀၀ မရတာ တွေ့နေရတယ်။”

စီးပွားရေးဆောင်းပါးရှင် ဦးလှမောင် (ဘောဂဗေဒ) ကတော့ လစာဟာ လူနေမှု အသုံးစရိတ်ကာ မိအောင် တိုးပေးဖို့ လိုတယ်လို့ ပြောပါတယ်။

“လူနေမှုအသုံးစရိတ်က တကယ်ဘယ်လောက်ရှိလဲဆိုတာ တွက်ရတယ်၊နောက်ပြီးတော့ လူနေမှုအဆင့်အတန်းက ဘယ်လောက်ထားမလဲ ဆိုတာကို တွက်ရတယ်၊ လစာတိုးပြီးဆိုရင် အနိမ့်ဆုံးလုပ်ခလစာနဲ့ကာမိတဲ့ ၀င်ငွေ ဖြစ်ရမှာပေါ့။ အဲ့ဒီလို မဟုတ်ဘဲနဲ့ လစာနှုန်းတွေ တိုးတိုးပေးလိုက်တာ လေးကြိမ်ရှိပြီဆိုရင် တကြိမ်တိုးပေးလိုက်တိုင်း လောက်ရဲ့လား၊ မလောက်ဘူးပေါ့ဗျာ၊ ဘာလို့ မလောက်လဲဆိုရင် လူနေမှုအသုံးစရိတ်ကို ကာမိအောင်မှ မပေးနိုင်တာ။”

စားဝတ်နေရေးနဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးဖို့ ရည်ရွယ်ချက်နဲ့ အခုလို လစာတွေ တိုးမြှင့်ပေးတာလို့ မြန်မာ့အသံက ကြေညာသွားပါတယ်။

ဘဏ္ဍာအခွန်ဝန်ကြီးဌာနက မတ်လ ၂၅ ရက်ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ လစာနှုန်းထား အမိန့်ကြေညာချက်အရ ပင်စင်စားတွေရဲ့ လစာ ဘယ်လောက် တိုးပေးမယ်ဆိုတဲ့ နှုန်းထားကို သီးခြားကြေညာပေးမယ်လို့ သိရပါတယ်။

အလားတူ ကာကွယ်ရေးဝန်ကြီးဌာနလစာနှုန်းထားသစ်တွေလည်း ထွက်ပေါ်ခဲ့ပြီး အနိမ့်ဆုံး တပ်သားလစာ ၁ သိန်း ၂ သောင်း၊ အမြင့်ဆုံးကာကွယ်ရေးဦးစီးချုပ်လစာ ကျပ်သိန်း ၃၀ ဖြစ်ပါတယ်။

ဘဏ္ဍာအခွန်ဝန်ကြီးဌာနကြေညာချက်အရ တပ်လစာတိုးတဲ့ကိစ္စကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးကောင်စီထံတင်ပြအတည်ပြုချက်ရယူပြီးမှ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ၂၀၁၃ခုနှစ်နဲ့ ၂၀၁၄ခုနှစ်တို့မှာ ၀န်ထမ်းအားလုံး တပြေးညီ ကျပ် ၂သောင်းစီ တိုးပေးခဲ့ဖူးပါတယ်။

ဝန်ထမ်းလစာတိုးပေးဖို့ လွှတ်တော်က အစိုးရကို တိုက်တွန်းတောင်းဆိုခဲ့တုန်းက လုံလောက်တဲ့ လစာတိုးပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး အစိုးရဘက်က အဘက်ဘက်က တွက်ချက်ပြီး လစာတိုးပေးဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013