DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး ဂျီဒီပီ ၈ ရာခိုင်နှုန်းကျော်ဖြင့် ဆက်လက်တိုးတက်မည်
DVB
·
March 26, 2015
မြန်မာ့စီးပွားရေး ဂျီဒီပီ ၈ ရာခိုင်နှုန်းကျော်ဖြင့် ဆက်လက်တိုးတက်မည်
1 / 4
Donate to DVB

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ လာမယ့် ဘဏ္ဍာနှစ်မှာ   ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီ ၈ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ဆက်လက်တိုးတက်ဖို့ရှိပြီး  ငွေကြေးဖောင်းပွမှုကတော့  ၈ ဒသမ ၄ ရာခိုင်နှုန်းရှိမယ်လို့  အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီက) ခန့်မှန်းပါတယ်။

အာရှနိုင်ငံတွေရဲ့အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာနဲ့ ပတ်သက်ပြီး မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့  အစီရင်ခံစာသစ်မှာ ဖော်ပြထားတာပါ။

ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ အားကောင်းကောင်းနဲ့ တိုးချဲ လုပ်ကိုင်နေမှုကြောင့် မတ်လကုန်အဆုံးသတ်မယ့် လက်ရှိ ဘဏ္ဍာနှစ်မှာ  မြန်မာ့ စီးပွားရေး တိုးတက်မှုဟာ  ဂျီဒီပီ ၇ ဒသမ ၇ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။

လာမယ့်  ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တော့ ဂျီဒီပီ  ၈ ဒသမ ၃ ရာခိုင်နှုန်းရှိမှာဖြစ်ပြီး  ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်မှာလည်း အလားတူနှုန်းဖြစ်တဲ့  ၈ ဒသမ ၂ရာခိုင်နှုန်းနဲ့ ဆက်လက်တိုး တက်ဖို့ရှိတယ်လို့  ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာမှု၊ အစိုးရ ဆက်လုပ်နေ တဲ့ပြုပြင်ပြောင်းလဲမှုတွေ၊  စီးပွားရေးဝန်းကျင်တိုးတက်လာမှုနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ ပေါင်းစည်းမှုတွေကြောင့်လို့  အေဒီဘီက ဆိုပါတယ်။

“မြန်မာရည်မှန်းထားတဲ့ စီးပွားရေးအဆောက်အဦပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေဟာ လက်ရှိနှစ်မှာ အားကောင်းကောင်းနဲ့ စီးပွားရေးတိုးတက်ဖို့ အထောက်အပံ့ဖြစ်စေခဲ့သလို လာမယ့်နှစ်မှာလည်း ဆက်လက်တိုးတက်ဖို့ ဖြစ်စေတယ်”လို့ အေဒီဘီ အစီရင်ခံစာ မှာပြောပါတယ်။

ဒါပေမယ့် ငွေကြေးဖောင်းပွမှုကတော့ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲနှုန်းဟာ ၁ ဒေါ်လာကို  ၉၆၅ ကျပ်ရှိရာက ၂၀၁၄ ဘဏ္ဍာနှစ်အစမှာ ၁၀၄၂ ကျပ်ထိ ကျပ်ငွေတန်းဖိုးကျသွားပြီး လက်ရှိ ငွေဖောင်းပွမှုနှုန်းကတော့ ပျမ်းမျှ ခန့်မှန်းချေ  ၅ ဒသမ ၉ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။

[caption id="attachment_87256" align="aligncenter" width="619"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]

ကုန်ဈေးနှုန်းတွေတက်လာတာ၊ အစိုးရအသုံးစရိတ်တိုးလာတာနဲ့ လစာတွေတိုးဖို့ရှိတာကြောင့် လာမယ့် ဘဏ္ဍာနှစ်မှာ ငွေဖောင်းပွမှု ၈ဒသမ၄ ရာခိုင်နှုန်းထိမြင့်တက်သွားနိုင်ပြီး  ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၆ ရာခိုင်နှုန်းရှိနိုင်တယ်လို့  အေဒီဘီက ခန့်မှန်းပါတယ်။

မြန်မာ့စီးပွားရေးမှာ ဂျီဒီပီနဲ့ ငွေဖောင်းပွမှု အပြိုင်တိုးနေတဲ့အပေါ် သြစတေးလျ မက်ကွိုင်ယား တက္ကသိုလ်က  စီးပွားရေးပညာရှင်  ပါမောက္ခ ရှောင်တာနယ်က ဂျီဒီပီတိုးနှုန်နဲ့ ငွေဖောင်းပွမှုနှုန်းတွေဟာ မကိုက်ညီတာမဟုတ်ဘဲ  ပုံမှန်အားဖြင့် စီးပွားရေးတိုး တက်မှုမြန်နေတဲ့နေရာမှာ  ငွေဖောင်းပွမှုဟာဘေးထွက်ဆိုးကျိုး တခုဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဂျီဒီပီတိုးတက်နှုန်းကိန်းဂဏန်းဟာ အကောင်းမြင်စရာဖြစ်တယ်၊ ရင်းနှီးမြှုပ်နှံမှုတွေကနေ စီးပွားရေးတိုးတက်မှုကို အများဆုံးမြှင့်တင်ပေးမှာဖြစ်ပြီး   ဂျီဒီပီ ၈ဒသမ ၃ ရာခိုင်နှုန်းဆိုတာကိုတော့ သံသယ နည်းနည်းရှိတယ်လို့လည်း ဒီဗွီဘီကို သုံးသပ်ပြောပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအနေနဲ့  ၂၀၁၃ခုနှစ်က ပမာဏ အမေရိကန် ဒေါ်လာ  ၄ ဘီလီယံရှိရာက  ၂၀၁၄ ဧပြီလကနေ ဒီဇင်ဘာအထိ ခွင့်ပြုခဲ့တဲ့ ပမာဏက ကန်ဒေါ်လာ၆ဒသမ ၆ ဘီလီယံရှိပြီး အများစုဟာ တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍကဖြစ်တယ်လို့  အေဒီဘီက ဆိုပါတယ်။

အစိုးရက ရန်ကုန်နဲ့ မန္တလေးမှာ အခြေခံအဆောက်အဦတွေနဲ့ အိမ်ရာ ဆောက်လုပ်ရေးတွေမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်တာရှိသလို ၂၀၁၄ခုနှစ်အတွင်း သီတင်းတပတ်တိုင်းမှာ ပျမ်းမျှ တခုထက်ပိုတဲ့ အထည်ချုပ်စက်ရုံသစ်တရုံဖွင့်လှစ်နေတာ၊ ကမ္ဘာလှည့်ခရီးသွားတွေလည်း  ၂၀၁၃မှာ ၂သန်း၊ ၂၀၁၃ မှာ  ၃သန်းကျော် မြန်မာနိုင်ငံကိုဝင်ရောက်ပြီ ၀န်ဆောင်မှုလုပ်ငန်းတွေ တိုးတက်လာတယ်လို့လည်း အစီရင်ခံစာမှာ ရေးပါတယ်။

[caption id="attachment_87255" align="aligncenter" width="665"]Fishermen sit in their boats at Myanmar International Terminals Thilawa port outside Yangon ဓာတ်ပုံ - ရိုက်တာ[/caption]

၂၀၁၄ ဘဏ္ဍာနှစ် ပထမနှစ်ဝက်ကာလမှာ သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုကနေ ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံထိ တိုးတက်သွားခဲ့ပေမယ့် စိုက်ပျိုးရေးကဏ္ဍကတော့ တိုးတက်မှုနှေးကွေးခဲ့ပြီး တိုင်းပြည်ဂျီဒီပီရဲ့  ၃၀ ရာနိုင်နှုန်းကျော်ပဲရှိခဲ့တယ်လို့ ဆိုပါတယ်။

[caption id="attachment_87257" align="aligncenter" width="619"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]

အေဒီဘီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ  ပီတာ ဘရင်မ်ဘလ်ကတော့  ရှေ့လာမယ့် ရွေးကောက်ပွဲမတိုင်ခင်  ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် နှေးကျမသွားဖို့ မျှော်လင့်ပြီး  မတည်ငြိမ်မှု၊ ဒါမှမဟုတ်ဈေးကွက်ထဲမှာ မရေရာမှုတွေ ဖြစ်မယ်ဆိုရင် စီးပွားရေးတိုးတက်မှု အပေါ်သက်ရောက်မှုတချို့ ရှိလာလိမ့်မယ်လို့  ရန်ကုန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာ့စီးပွားရေးဆက်လက် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံအဆောက်အဦပိုင်း၊ အုပ်ချုပ်မှု စွမ်းရည်ပိုင်း၊ လူသားအရင်းနှီးနဲ့ ပုဂ္ဂလိက ကဏ္ဍတွေဖွံ့ဖြိုးတိုးတက်ဖို့ စတဲ့ စိန်ခေါ်မှုတွေရှိနေသေးတယ်၊ အထူးသဖြင့် လုပ်ငန်းခွင်ကိုဝင်လာတဲ့ မြန်မာ လူငယ်လူရွယ်တွေ အများအပြားဟာ ပညာနဲ့ ကျွမ်းကျင်မှုနည်းပါးနေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013