
ဗိုလ်နဂါးရဲ့ တပ်မှူးတွေ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်ရှိ ကင်းပန်းဆေးရုံကို သြဂုတ် ၁၆ ရက် ညနေပိုင်းမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သူများတယ်လို့ မြေပြင် တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်နဲ့ ပူးပေါင်းသွားတဲ့ ဗိုလ်နဂါးလက်အောက်ခံ တကိုယ်တော် သုဘရာဇာနဲ့ ဒေါင်းညိုတို့ဟာ သြဂုတ် ၁၅ ရက်မှာ သူတို့ဆေးကုသမှုခံယူနေတဲ့ ကင်းပန်းရွာဆေးရုံကနေ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် သြဂုတ် ၁၆ ရက် ညနေပိုင်းမှာ စစ်တပ်က အဲဒီဆေးရုံကို ဗုံးကြဲ ၃ ကြိမ် ကြဲချ တိုက်ခိုက်တာပါ။
တော်လှန်ရေးရဲဘော်တယောက်က "သူတို့ ၂ ယောက်က ထွက်ပြေးပြီး သတင်းပေးတာ။ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲလို့ ကင်းပန်းစာသင်ကျောင်းနဲ့ ဆေးရုံပျက်စီးသွားတယ်။ ထိခိုက်သူ များတယ်ဗျ။ နေအိမ် ၁၅ လုံးကျော် ပျက်စီးသွားတယ်။ ဗုံး ၁၀ လုံးကြဲသွားတာ။ ထိခိုက်တဲ့အထဲ ကလေးတွေလည်းပါတယ်" လို့ DVB ကို ပြောပါတယ်။
သုဘရာဇာ (ခေါ်) အောင်ထိုက်နဲ့ ဒေါင်းညိုတို့ဟာ ကင်းပန်းဆေးရုံမှာ ဆေးကုသမှုခံယူနေချိန် လူနာစောင့်ကို အဆိပ်ခပ်ပြီး ထွက်ပြေးလွတ်မြောက်သွားတာလို့ သိရပါတယ်။
ဒါကြောင့် သူတို့ ၂ ယောက်ကိုတွေ့ရင် ဖမ်းဆီးပေးဖို့ တော်လှန်ရေးတပ်တွေက တောင်းဆိုထားပါတယ်။
ဒေသခံတယောက်က “ဒဏ်ရာရတာက ၁၅ ယောက် ၀န်းကျင်၊ သေဆုံးတာက ၃ ယောက်ဝန်းကျင် ထပ်တိုးနိုင်သေးတယ်။ အတိအကျ မသိရသေးတာ။ အိမ်သာထဲမှာ သေနေတာတွေရော၊ အိမ်တွေ ပျက်စီးသွားတယ်။ သေတာကပြည်သူတွေ။ PDF တယောက်မှမပါဘူး။ ဘာအစည်းဝေးမှလည်း မလုပ်ဘူး။ ဆေးရုံနားကအိမ်တွေ၊ စာသင်ကျောင်းအနောက်ဘက်၊ စာသင်ကျောင်းမှာက လူနာတွေလည်း ထားတယ်။ စာသင်ကျောင်းနောက်ခြမ်း နည်းနည်းပဲ ပါသွားတယ်။ ခြေပြတ်လက်ပြတ်တွေ များတယ်” လို့ ပြောပါတယ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးဟာ စစ်တပ်နဲ့ ပူးပေါင်းသွားပြီးနောက် တပ်ရင်းမှူးတွေဖြစ်ကြတဲ့ ဒေါင်းညိုနဲ့ သုဘရာဇာတို့ဟာ တော်လှန်ရေးတပ်တွေဆီမှာ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
Photo: မြေပြင်ရဲဘော်တဦး











