DVB Logo
Home
နိုင်ငံတကာ
ဂါဇာပြန်လည်တည်ဆောက်ရေး ဒေါ်လာ ၂ ဒသမ ၄၅ ဘီလီယံတန် အစီအစဉ် တင်ပြ
DVB
·
September 24, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့က ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးအတွက် ၆ လကြာကာလ ဒေါ်လာ ၂ ဒသမ ၄၅ ဘီလီယံတန် အစီအစဉ်တခုကို စက်တင်ဘာ ၂၃ ရက်မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်ရဲ့ ထောက်ခံမှုရထားတဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်နဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား သဘောထားကွဲလွဲနေဆဲဖြစ်လို့ အစီအစဉ်ကို အကောင်အထည် ဖော်နိုင်ဦးမှာ မဟုတ်ဘူးလို့ တာဝန်ရှိသူတွေက ဝန်ခံပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ နှစ်စဉ် တွေ့ဆုံပွဲနဲ့ ဆက်စပ်နေတဲ့ အစီအစဉ်မှာ အဖွဲ့တာဝန်ရှိသူတွေက တင်ပြခဲ့တဲ့ ဒီအဆိုပြုချက်ထဲမှာ အစီအစဉ်ပေါင်း ၆၆ ခု ပါနေပါတယ်။

ဒီအစီအစဉ်တွေဟာ ၂ နှစ်ကြာ ပြင်းထန်တဲ့ အစ္စရေးစစ်ဘက်ဆိုင်ရာ ထိုးစစ်ဆင်မှုတွေကြောင့် ပျက်စီးခဲ့ရတဲ့ ဂါဇာရဲ့ အခြေခံအဆောက်အအုံနဲ့ စီးပွားရေးကို ပြန်ထူထောင်ပေးဖို့ ရည်ရွယ်ထားပါတယ်။

ဒါဟာ ထရမ့်ပ်ရဲ့ ဂါဇာအပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို ရှေ့ဆက်လုပ်ဖို့ ရည်ရွယ်တဲ့ နောက်ဆုံးပေါ် အစီအစဉ်တခုပါ။

ဂါဇာအစီအစဉ်ကို ရေးဆွဲခဲ့သူ ထရမ့်ပ်ရဲ့သမက် ဂျရဒ် ကုရှ်နာက ဒါဟာ မကြာမီအချိန်အတွင်းမှာ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ပြောပါတယ်။

ဂါဇာဒေသမှာ အဆောက်အအုံအများစု ပျက်စီးသွားခဲ့ပြီး ဒေသခံ ၂ သန်းကျော်ဟာ နယ်မြေရဲ့ သုံးပုံတပုံလောက် ရှိတဲ့ နေရာမှာ ကျပ်ကျပ်တည်းတည်း နေထိုင်ရပါတယ်။

လူအများစုက တဲတွေ၊ ပျက်စီးယိုယွင်းနေတဲ့ အဆောက်အအုံတွေထဲက လူနေထူထပ်တဲ့ အခန်းတွေထဲမှာ နေနေရတာပါ။

စစ်ပွဲကို အဆုံးသတ်ရေး အမေရိကန်က ကြားဝင်ဆောင်ရွက်ပေးထားတဲ့ အစီအစဉ်က ရပ်တန့်နေဆဲဖြစ်ပြီး ဟားမတ်စ်အဖွဲ့က လက်နက်ချရေးနဲ့ အစ္စရေးက တပ်တွေရုပ်သိမ်းရေးဆိုင်ရာ စည်းကမ်းချက်တွေကို ညှိနှိုင်းရေးမှူးတွေက သဘောမတူကြသေးပါဘူး။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာခဲ့တဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ရဲ့ အစီအစဉ်ထဲမှာ ဂါဇာဒေသမှာ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ဒေါ်လာ ၃၅ ဒသမ ၂ ဘီလီယံလောက် ရှိတယ်လို့ ခန့်မှန်းထားပြီး လာမဲ့ ဆယ်စုနှစ်အတွင်း အပြည့်အဝ ပြန်ကောင်းလာဖို့နဲ့ ပြန်လည် တည်ဆောက်ရေးအတွက် ဒေါ်လာ ၇၁ ဒသမ ၄ ဘီလီယံလောက် လိုမယ်လို့ ဖော်ပြထားပါတယ်။

အစီအစဉ်ထဲမှာ နယ်စပ်ဖြတ်ကျော် ဝင်ပေါက်တွေကို ပြုပြင်မွမ်းမံခြင်း၊ လျှပ်စစ်နဲ့ ရေပေးဝေရေး အခြေခံအဆောက်အအုံတွေကို ပြန်လည်ပြုပြင်ခြင်း၊ သယ်ဆောင်ရလွယ်တဲ့ ဆိုလာစွမ်းအင်သုံး စက်ကိရိယာအစုံ ၂ သောင်းခွဲကို တပ်ဆင်အသုံးပြုခြင်းနဲ့ ဦးစားပေး ပြန်လည်တည်ဆောက်ရေး စီမံကိန်းတွေအတွက် လိုတဲ့နေရာတွေအောက်က မြေအောက် ဥမင်လိုဏ်ခေါင်းတွေကို အပြီးတိုင် ပိတ်ဆို့ဖြည့်တင်းခြင်းတို့ ပါဝင်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013