DVB Logo
Home
Lead Story
လီကွမ်ယုရဲ့ ဘာသာစကား ၂ ခု သင်ကြားရေးစနစ်
DVB
·
March 26, 2015
လီကွမ်ယုရဲ့ ဘာသာစကား ၂ ခု သင်ကြားရေးစနစ်
1 / 2
Donate to DVB

လီကွမ်ယုအကြောင်း ရေးထားတဲ့ စာအုပ်တွေနဲ့ သူကိုယ်တိုင် ရေးတဲ့ စာအုပ်တွေကို မြန်မာစာဖတ်ပရိသတ် အတော်များများရင်းနှီးပြီး ဖြစ်ပေမယ့် ‘ကျွန်ုပ်၏ ဘ၀တသက်တာ စိန်ခေါ်မှု’  (My  Lifelong Challenge)  စာအုပ်ကိုတော့ လူသိနည်းသလို ဘာသာပြန်ထားတာလည်း မတွေ့ရသေးပါဘူး။

ဒီစာအုပ်က စင်ကာပူရဲ့ ဘာသာစကား ၂ ခု သင်ကြားရေး ခရီးရှည်အကြောင်း၊ ငယ်စဉ် ပညာဆည်းပူးခဲ့ပုံ၊ ဘာသာစကား လေ့လာလိုက်စားမှု အတွေ့အကြုံနဲ့ ပညာရေးဝန်ကြီး ၀င်လုပ်ခဲ့ပုံတွေကို လီကိုယ်တိုင် ပြန်ရေးထားတာပါ။

အင်္ဂလိပ်စကားပြော တရုတ်မိဘ ၂ ပါးကနေ မွေးလာတဲ့ လီဟာ အင်္ဂလိပ်စကားကို ပထမဘာသာစကားအဖြစ် ပြောပေမယ့် မလေးနဲ့ ဂျာဗားစကားကိုလည်း ကလေးဘ၀ကတည်းက အကျွမ်းတ၀င်ရှိခဲ့ပါတယ်။

ဆယ်ကျော်သက်မှာ လက်တင်နဲ့ ဂျပန်ဘာသာစကားတွေကို သင်ယူခဲ့ပါတယ်။ ဂျပန်တွေ စင်ကာပူကို သိမ်းပိုက်ထားစဉ် အသက်မွေးဝမ်းကျောင်းအတွက် ဂျပန်စကားကို သင်ခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ၀င်နွှဲဖို့ ဟုတ်ကိမ်း (Hokkein)နဲ့ ဟက်ကာ (Hakka) ဘာသာ စကားတွေကို  အသက် ၄၀ အရွယ်မှာ အပြင်းအထန် လေ့လာခဲ့ပါသေးတယ်။

အသက် ၉၀ အထိ တသက်တာ မနားတမ်း လုံ့လစိုက်ထုတ် လေ့လာတဲ့ နောက်ဆုံး ဘာသာစကားကတော့ မန်ဒရင်း တရုတ်ဘာသာစကားပါပဲ။

တကယ်တော့ လီရဲ့ ငယ်ဘ၀အိပ်မက်က ရှေ့နေ ဖြစ်ချင်တာပါ။ ဒါကြောင့် ဗြိတိသျှအုပ်ချုပ်ရေးအောက်က တရားခွင်မှာ အင်္ဂလိပ်ရှေ့နေတွေနဲ့ အပြိုင်နွှဲနိုင်ဖို့ ကိန်းဘရစ်ခ်ျတက္ကသိုလ်မှာ ဥပဒေဘွဲ့ယူပြီး အင်္ဂလိပ်စကား အဆင့်မြင့်မြင့် ပြောနိုင်အောင် ကြိုးစားအားထုတ်ခဲ့ပါတယ်။

ဒါပေမယ့် တရုတ်လူမျိုး ဖြစ်လို့ မျိုးရိုး၊ ဂုဏ်သိက္ခာနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ မန်ဒရင်းကို ဘ၀တလျှောက်လုံး လေ့လာ ဆည်းပူးသွားပါတယ်။

ဘာသာစကားသစ်တခုကို ကျွမ်းကျင်တတ်မြောက်တာဟာ ကမ္ဘာ့လူသားတွေကို နားလည်နိုင်ဖို့ နောက်ထပ် ပြတင်းတံခါးတချပ် ပွင့်တယ်လို့ လီက ခံယူပါတယ်။

ဘာသာစကားပေါ် ထားတဲ့ သူရဲ့ အမြင်နဲ့ အတွေ့အကြုံကို သူ့မိသားစုရဲ့ အနာဂတ် ဘာသာစကားစီမံကိန်းမှာ အရင်ဆုံး လက်တွေ့ အသုံးချခဲ့ပါတယ်။

အသက်ကြီးမှ မန်ဒရင်းကို ခက်ခက်ခဲခဲသင်ယူရတဲ့ သူ့လို အဖြစ်မျိုး ကလေးတွေကို မဖြစ်စေချင်ပါဘူး။

ဒါကြောင့် သား ၂ ယောက်နဲ့ သမီးကို အင်္ဂလိပ်ကျောင်းမှာ မထားဘဲ တရုတ်ဘာသာ စကားသင်တဲ့ ကျောင်းတွေမှာ စထားတယ်။

တရုတ် အရုပ်စာတခုမှာ အဓိပ္ပာယ် ၄ မျိုး ၄ သံ ထွက်တဲ့အတွက်  ကလေးဘ၀ကတည်းက မှန်မှန်ကန်ကန် ထွက်တတ်ဖို့ လိုပါတယ်။

ကမ္ဘာ့အခက်ခဲဆုံး ဘာသာတခုဖြစ်တဲ့ တရုတ်စကားကို အသက်ကြီးမှ သင်ယူရင်  အသံထွက်ရ ခက်တဲ့ အခက်အခဲကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရပါတယ်။

ဒီတော့ သားသမီးတွေကို တရုတ်ဘာသာနဲ့ သင်ကြားတဲ့ ကျောင်းမှာ အနည်းဆုံး ၁၀ နှစ်အထိ တက်ခိုင်းပါတယ်။

အိမ်မှာ လီနဲ့ ကလေးတွေ မန်ဒရင်းစကား ပြောပြီး၊ သူ့ဇနီးက အင်္ဂလိပ်လို ပြောတယ်။ နောက် အင်္ဂလိပ်နဲ့  မလေးဘာသာ ဆရာကောင်းတွေ ရှာပြီး အိမ်မှာ ခေါ်သင်ပေးတယ်။

ဘာသာစကားစုံပညာရေး ရရှိတဲ့ ကလေးတွေဟာ အမြင်ကျယ်ပြီး ဘ၀ဖွံ့ဖြိုးမှု  ပိုဖြစ်စေတယ်လို့ မစ္စတာလီက ယူဆတယ်။ ဒါကြောင့်  သားကြီး လက်ရှိ ၀န်ကြီးချုပ် လီရှန်လွန်းဟာ မန်ဒရင်း၊ အင်္ဂလိပ်၊ မလေးနဲ့ ရုရှားစကားတွေကို အဆင့်တန်းမြင့်မြင့် ပြောနိုင်သူ ဖြစ်လာတယ်။

စင်ကာပူရဲ့ နိုင်ငံရေးပြဿနာဟာ ဘာသာစကားပြဿနာနဲ့လည်း ပတ်သက်နေတာကြောင့် လီကွမ်ယုက ဘာသာစကားလေ့လာတာကို ပိုအာရုံထားတာ ဖြစ်ပါတယ်။

ဗြိတိသျှလက်အောက် စင်ကာပူကျောင်းတွေဟာ အင်္ဂလိပ်၊ မန်ဒရင်း၊  မလေး၊ တမီးလ် ဘာသာစကား ၄ မျိုးအောက်မှာ သွားခဲ့တယ်။ လွတ်လပ်ရေးရပြီးစ စင်ကာပူမှာ ဘာသာစကားနဲ့ လူမျိုးပေါင်းစုံ  ဖြစ်နေတာကြောင့် ဘုံဘာသာစကားတခု သတ်မှတ်ဖို့ လိုလာတယ်။

လီက အင်္ဂလိပ်ကို ပထမဘာသာစကားအဖြစ် ယူပြီး၊ မန်ဒရင်းကို ဒုတိယ ဘာသာစကားအဖြစ် ယူပါတယ်။ အလားတူ  ပထ၀ီအနေအထား၊ လူမျိုးနဲ့ ယဉ်ကျေးမှု အခြေအနေတွေကြောင့် မလေးနဲ့ တမီးလ်ကိုလည်း ဒုတိယဘာသာစကားအဖြစ် သတ်မှတ်ပါတယ်။

leeဒါကြောင့် စင်ကာပူရဲ့ ပညာရေးပေါ်လစီဟာ ၂ ဘာသာနဲ့   သင်ကြားရေးစနစ် ဖြစ်လာပါတယ်။ ‘အင်္ဂလိပ် + မိခင်ဘာသာစကား’ ဟာ စင်ကာပူရဲ့ ပညာရေးသင်္ကေတတခုပါ။ အင်္ဂလိပ်ကို ပထမဘာသာစကားအဖြစ် သတ်မှတ်ရတဲ့အကြောင်းက ကမ္ဘာ့နိုင်ငံအတော်များများ အင်္ဂလိပ်စကား ပြောသလို ဓနသဟာရအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အ တွက် နိုင်ငံတကာနဲ့ ဆက်ဆံနိုင်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

အင်္ဂလိပ်စကားဟာ အလုပ်အကိုင်၊ အသိပညာရပ်ဆိုင်ရာ ဘာသာစကားဖြစ်တယ်။  ကမ္ဘာမှာ လူဝင်ဆန့််ဖို့၊ အလုပ်အကိုင်ကောင်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့၊ အဆင့်မြင့် ပညာရပ်ဆိုင်ရာနယ်ပယ်ထဲ သွားနိုင်ဖို့ဆိုရင် အင်္ဂလိပ်စကားနဲ့ စာပေ အဆင့်မြင့်မြင့်  တတ်ကျွမ်းဖို့ လိုပါတယ်။ အင်္ဂလိပ်စကားပြောတာဟာ ကမ္ဘာနိုင်ငံတွေကြားထဲ စင်ကာပူ ဆက်လက်ရှင်သန်စေမယ့် လက်နက်တခုလို့ လီက မြင်ပါတယ်။

ဒါပေမယ့် ပညာရေးစနစ်မှာ  နှစ်ဘာသာသင်ကြားရေးစနစ် လက်တွေ့ကျင့်သုံးဖို့ လုပ်ဆောင်တာဟာ အခက်ခဲဆုံးမူဝါဒပဲလို့ လီက ပြောပါတယ်။ စင်ကာပူမှာ အင်္ဂလိပ်စကားကို ပထမဘာသာစကားအဖြစ် သတ်မှတ်နိုင်ခဲ့တာဟာ ဘ၀တလျှောက် ဂုဏ်အယူဆုံးအလုပ်လို့လည်း သူက မကြာခဏ ထုတ်ပြောလေ့ရှိပါတယ်။

အခက်အခဲ ဝေဖန်ခံရမှုကြားထဲကနေ အင်္ဂလိပ်ကို ရုံးသုံးဘာသာစကား သတ်မှတ်နိုင်ခဲ့အတွက် ဖွံ့ဖြိုးပြီးနိုင်ငံတွေအလယ်မှာ စင်ကာပူရဲ့ နေရာဟာ အခိုင်အမာရှိလာပါတယ်။

အစွဲသန်တဲ့ လူမျိုး၊ ဘာသာ၊ စရိုက်စုံတွေကြား အင်္ဂလိပ်စကားကတဆင့် တင်းမာ အမြင်ကျဉ်းမြောင်းတာတွေကို လျော့ချပေးနိုင်ခဲ့ပါတယ်။

စင်ကာပူမှာ ဘာသာစကား ၂ ခု အနည်းဆုံး တတ်မြောက်တဲ့ ရပ်ဝန်းဖြစ်အောင် နှစ်ပေါင်း ၅၀ ကျော် အချိန်ယူ လီက ဖန်တီးခဲ့ပါတယ်။

ဒီကနေ့ စင်ကာပူလူငယ်တိုင်းဟာ ကမ္ဘာ့အသိပညာတွေ  စုပ်ယူ မျိုချနိုင်ဖို့ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင် လုပ်ထားရသလို၊ မန်ဒရင်းဘာသာစကားကို ကျွမ်းကျင်ထားတာဟာ လူမျိုးကြီးလက္ခဏာ ယဉ်ကျေးမှု ဂုဏ်သိက္ခာတွေ ပြဖို့ ဖြစ်သလို ဩဇာကြီးလာတဲ့ တရုတ်နိုင်ငံအပေါ် ဩဇာရှိနိုင်ဖို့ ဖြစ်ပါတယ်။

လီရဲ့ နိုင်ငံရေးအမြင်တွေအပေါ် သဘောထားကွဲလွဲစရာ လက်မခံနိုင်စရာတွေ အများကြီး ရှိပေမယ့် သူကိုယ်တိုင်ရေးတဲ့ ဒီစာအုပ်ကတော့ ငယ်စဉ်ဘ၀ ပညာရေးနဲ့ ပညာရေးသဘောထားအမြင်တွေကို တင်ပြထားတာမို့  မြန်မာပညာရေးသမားတိုင်း မဖြစ်မနေ ဖတ်သင့်ပါတယ်။

အထူးသဖြင့်  ဒီကနေ့ ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့  တိုင်းရင်းဘာသာစကား သင်ကြားရေး ပြဿနာများအတွက် စဉ်းစားစရာအချို့ ရရှိနိုင်ကောင်းရနိုင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013