DVB Logo
Home
မြန်မာသတင်း
သပိတ်ဝန်းရံသူ ၁၁ ဦး ပုဒ်မ ၃ ခုဖြင့် တရားစွဲခံရပြီး အာမခံရရှိ
DVB
·
March 25, 2015
သပိတ်ဝန်းရံသူ ၁၁ ဦး ပုဒ်မ ၃ ခုဖြင့် တရားစွဲခံရပြီး အာမခံရရှိ
1 / 4
Donate to DVB

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ကျောင်းသားသပိတ်ဖြိုခွင်းရာမှာ ဖမ်းဆီးခံရသူတွေထဲက ၁၁ ဦးဟာ မြို့နယ်တရားရုံးမှာ မတ် ၂၅ ရက် မွန်းလွဲပိုင်းက  ပုဒ်မ ၃ ခု နဲ့ တရားစွဲဆိုခံရပြီး အာမခံနဲ့ ပြန်လည်လွတ်မြောက်လာပါတယ်။

သာယာဝတီထောင်မှာ ချုပ်နှောင်ရာကနေ ဒီကနေ့ လက်ပံတန်းတရားရုံးမှာ အယောက် ၈၀ ကို ရုံးထုတ်ခဲ့ပါတယ်။ မနက်ပိုင်းတရားခွင်မှာ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းပါ ၆၉ ဦးကို  ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ညနေဘက်တရားခွင်မှာတော့ ကိုဇော်ဇော်ပါ  ၁၁ ဦးကို ပုဒ်မ ၃ ခုနဲ့ စွဲဆိုခဲ့ပြီး အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ရဲမှူးအုန်းမြင့်က တရားလိုလုပ်ပြီး စွဲဆိုခဲ့တာဖြစ်ပြီး မြို့နယ်တရားရုံးက အမှုတွေကို လက်ခံခဲ့တယ်လို့ တရားရုံးကိုရောက်ရှိတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“ကိုအောင်မှိုင်းဆန်းပါ ၆၉ ဦးကို ပုဒ်မ ၅ ခုနဲ့ ပြစ်မှုကြီးအမှတ် ၅၉၃/၂၀၁၅၊ ကျန်တဲ့ ၁၁ ယောက်ကတော့ ပုဒ်မ သုံးခုပေါ့။ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၆၉ ယောက်ကိုတော့ သာယာဝတီထောင်ကို ပြန်ခေါ်သွားပြီ။ ၁၁ ယောက်ကိုတော့ စွပ်စွဲခံရသူ တစ်ယောက်ကို ဆယ်သိန်းတန် ခံဝန်သူ ၂ ယောက်နဲ့ အာမခံပေးလိုက်တာ။”

အာမခံရရှိသူ ၁၁ ဦးဟာ သာယာဝတီမြို့ခံ ၂ ဦးအပါအ၀င် ရန်ကုန်၊ မန္တလေး၊ သာစည်မြို့တွေဖြစ်ကြပြီး ကျောင်းသားသပိတ်ကို ၀န်းရံခဲ့သူတွေဖြစ်ပါတယ်။

တရားစွဲဆိုထားတဲ့ပုဒ်မတွေကတော့  ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတခုတွင် ပါဝင်သူ)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင်ပါဝင်နေခြင်း)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ ပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းအား ၀တ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု)၊ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) တွေပဲဖြစ်ပါတယ်။

ပုဒ်မ ၅ ခု စွဲဆိုခံရသူတွေအဖို့ အပြစ်ရှိတယ်လို့ဆုံးဖြတ်ရင် ထောင်ဒဏ် ခြောက်နှစ်ကျခံရ ဖွယ်ရှိပြီး ပုဒ်မ ၃ ခုနဲ့စွဲဆိုခံရသူတွေအဖို့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ထောင်ဒစ် လေးနှစ်ကျော် ကျခံရဖွယ်ရှိပါတယ်။

အမှုတွဲနှစ်ခုစလုံးကို လာမယ့် ဧပြီ ၇ ရက်နေ့ကျရင် ရုံးထုတ်ဖို့ ချိန်းဆိုထားပါတယ်။

ဒီကနေ့ရုံးထုတ်ခဲ့သူ ၈၀ ဦးဟာ  မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့ ကျောင်းသားသပိတ်ကို ဖြိုခွင်းစဉ်က ရိုက်နှက်ဖမ်းဆီးခံကြရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံသူတွေဖြစ်ပါတယ်။

မနေ့ကတော့ သပိတ်နဲ့မပတ်သက်သူ ၂၀ ဦးကို  သာယာဝတီထောင်ကနေ ခံဝန်နဲ့ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ သပိတ်ဖြိုခွင်းဖမ်းဆီးပြီး ရက်ပိုင်းအကြာကလည်း ကျောင်းသားကျောင်းသူ အယောက် ၂၇ ယောက်နဲ့ သတင်းထောက် ၂ ဦးလည်း ခံဝန်နဲ့ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် မန္တလေးကနေ ရန်ကုန်ကို မိုင်ပေါင်းရာချီပြီး ချီတက်ခဲ့ကြတဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ပင်မသပိတ်စစ်ကြောင်းဟာ လက်ပံတန်းမြို့ အရောက်မှာ တားဆီးပိတ်ဆို့ခံရပြီး နှစ်ဘက် ညှိနှိုင်းကြပေမယ့် မပြေလည်ဘဲ ရဲက အကြမ်းဖက်ဖြိုခွင်း ဖမ်ဆီးခဲ့ပါတယ်။

အမျိုးသားပညာရေးပြင်ဆင်ဖို့ သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံသူတွေကို တရားစွဲဆိုတဲ့ အပေါ် ရှေ့နေ ဦးရောဘတ်စန်းအောင်က “အခုလို ကျောင်းသားတွေကို အင်အား အလွန်အကျွံသုံးပြီးတော့ ဖမ်းတယ်။ ဖမ်းပြီးရုံတင်မကသေးဘဲ အခုလို အမှုပါ တင်တယ်ဆိုတော့ မကောင်းဘူးပေါ့ဗျာ။ အများပြောစရာဖြစ်လာတယ်။ ကနေ့ဆိုရင်လည်း မြို့ခံတွေရော ဘာတွေရော အားလုံးက ၀ိုင်းဝန်းပြီးတော့ ပြန်လွှတ်ပေးဖို့တောင်းဆိုကြတယ်။ ဆိုတော့ ဒါဟာ တော်တော်ကို မသင့်လျော်တဲ့အမှုလို့ပဲ ပြောရမှာပဲ” လို့ ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ကျောင်းသားဆန္ဒပြမှုတွေဖြစ်ပွားပြီးနောက် အစိုးရ၊ လွှတ်တော်၊ ကျောင်းသားကိုယ်စားလှယ်နဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် ကိုယ်စားလှယ်တွေ လေးပွင့်ဆိုင်ဆွေးနွေးပွဲကိုကျင်းပနိုင်ခဲ့ပါတယ်။

ဆွေးနွေးပွဲကနေ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတရပ်ကို ရေးဆွဲနိုင်ခဲ့ပြီး  အမျိုးသားလွှတ်တော်မှာ တင်သွင်းဆွေးနွေးနေဆဲဖြစ်ပါတယ်။

[gallery ids="87152,87153,87154,87155"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013