
ကမ္ဘာတဝန်း အစိုးရတွေနဲ့ ဆိုက်ဘာလုံခြုံရေး အေဂျင်စီတွေဟာ ကြီးမားတဲ့ အင်တာနက် နည်းပညာပိုင်းဆိုင်ရာ လုံခြုံရေးချို့ယွင်းချက်တခုကို ထိန်းချုပ်ပြင်ဆင်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေရပါတယ်။
ဒါဟာ ဟက်ကာတွေ အခွင့်ကောင်းယူပြီး တိုက်ခိုက်နိုင်တဲ့ အားနည်းချက်တွေကို အသိဉာဏ်ရည်တု နည်းပညာ AI က တွေ့ရှိခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။
တချိန်တည်းမှာ အဓိကဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကြီးတွေက ချို့ယွင်းချက်ကို ပြင်ဆင်ပြီးပြီ ဖြစ်ပေမဲ့လည်း မပြင်ရသေးဘဲ ကျန်နေတဲ့ စနစ်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။
ဒီအားနည်းချက်တွေ ရှာဖွေတဲ့နေရာမှာ OpenAI ကုမ္ပဏီရဲ့ နည်းပညာကို အသုံးပြုခဲ့တာလို့ သုတေသီတွေက ပြောပါတယ်။
အခုလိုမျိုး ဝက်ဘ်ဆိုက်ဒ် သန်းပေါင်းများစွာကို ထိခိုက်စေနိုင်တဲ့ ဆိုက်ဘာလုံခြုံရေး အားနည်းချက်ရဲ့ အတိုင်းအတာဟာ “မကြုံစဘူး ကြီးမားတယ်” ဆိုပြီး ဗြိတိန် ဆိုက်ဘာလုံခြုံရေးစင်တာ (NCSC) က ထုတ်ပြန်ထားပါတယ်။
လောလောဆယ်အထိတော့ လုံခြုံရေးချိုးဖောက်ပြီး ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့ အထောက်အထားမျိုး မတွေ့ရသေးဘူးလို့လည်း ဆိုပါတယ်။
အဲဒီအားနည်းချက်ဟာ PHP အမည်ရ ပရိုဂရမ်ရေးသားရာမှာ အသုံးပြုတဲ့ ဘာသာစကားစနစ်အတွင်း (Programming Language) တည်ရှိဖြစ်ပေါ်နေခဲ့တာပါ။
PHP ဆိုတာကတော့ မိမိလိုအပ်တဲ့ အချက်အလက်တွေကို စုဆောင်းပေးအပြီး ဝက်ဘ်ဆိုက်ဒ်ပေါ်မှာ ဖတ်ရှုလို့ရအောင် ဖော်ပြပေးနိုင်တဲ့ နည်းပညာတခုပဲ ဖြစ်ပါတယ်။
အဲဒီနောက် PHP ပလက်ဖောင်း ရေးဆွဲသူတွေဘက်က လုံခြုံရေးအားနည်းချက်တွေကို ဖြေရှင်းပေးနိုင်မဲ့ ဆော့ဖ်ဝဲလ်ပြင်ဆင်ချက်တွေ (Patches) ဖြန့်ချိပေးထားကြောင်း သိရပါတယ်။
Wikipedia နဲ့ အွန်လိုင်းပေါ်က ဈေးဝယ်တဲ့နေရာလိုမျိုး ဝက်ဘ်ဆိုက်ဒ်ပေါင်း ၇၀ ရာခိုင်နှုန်းနဲ့ အထက်ဟာ PHP ပလက်ဖောင်းအပေါ် မှီခိုနေရတာ ဖြစ်ပါတယ်။
Microsoft ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဆာတျာ နာဒဲလား ကတော့ “ဒီလောက်ကြီးမားတဲ့ အခြေအနေမျိုးကို မကြုံရတာတောင် အတော်လေးကြာနေပြီ” လို့ မှတ်ချက်ပေးပါတယ်။
ဗြိတိန်နိုင်ငံမှာဆိုရင် အစိုးရဝန်ဆောင်မှုပေးရာ ဝက်ဘ်ဆိုဒ် ၃၂ ခုကို ပြင်ဆင်နေရတဲ့အတွက် အသုံးပြုလို့ မရသေးသလို ကနေဒါအစိုးရကလည်း သူတို့ဆီမှာ ၀န်ဆောင်မှုတချို့ ပြတ်တောက်နေကြောင်း အတည်ပြုပါတယ်။











