
စကော့တလန်အသင်းရဲ့ အဓိကကွင်းလယ်လူ စကော့မက်တိုမီနေးဟာ ဗိုက်အောင့်တဲ့ဝေဒနာကြောင့် ဟေတီနဲ့ကစားမဲ့ ကမ္ဘာ့ဖလားပွဲကစားဖို့ အသင်းဖော်တွေနဲ့ အတူမလိုက်ပါနိုင်ဘဲ ဘော့စတွန်ကို သီးသန့် ခရီးသွားခဲ့ရပါတယ်။
သူဟာ ကြာသပတေးနေ့ လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့ပြီး ဆရာဝန်တယောက်နဲ့အတူ သီးသန့် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
စကော့တလန်ဟာ ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေ မနက်မှာ ဟေတီအသင်းနဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲ ကစားဖို့ ရှိနေပါတယ်။
နာပိုလီကွင်းလယ်လူ မက်တိုမီနေးဟာ စကော့တလန်အတွက် အရေးပါတဲ့ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ ဘိုလီးဗီးယားကို (၄-၀) ဂိုး နဲ့နိုင်တဲ့ပွဲမှာလည်း ဂိုးသွင်းခဲ့ပါတယ်။
အသင်းဖော် ကန်နီမက္ကလင်းကတော့ ဒီရောဂါ တခြားသူတွေဆီ မကူးစက်ဖို့ မျှော်လင့်နေပြီး မက်တိုမီနေးတယောက် အမြန်သက်သာလာမယ်လို့ ယုံကြည်နေပါတယ်။
စကော့တလန်ပရိသတ်တွေကတော့ ပွဲမတိုင်ခင် နည်းပြ စတိဗ်ကလပ်ခ်ရဲ့ သတင်းစာရှင်းလင်းပွဲကို စိုးရိမ်တကြီး စောင့်မျှော်နေကြပါတယ်။
Photo:Reuters










