
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ညွှန်ကြားရေးမှူး ဂျွန်ရတ်ကလစ်ဖ်ဟာ သြဂုတ် ၂၅ ရက်က ရုရှားမြို့တော် မော်စကိုမှာ ကျင်းပတဲ့ အစည်းအဝေးတွေတက်ဖို့ ရုရှားနိုင်ငံဆီ သွားခဲ့တယ်လို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အမေရိကန် မီဒီယာတွေက ဖော်ပြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်းဖြစ်ပြီး အခု ထောက်လှမ်းရေးအေဂျင်စီကို ဦးစီးလုပ်ကိုင်နေသူ ရတ်ကလစ်ဖ်ရဲ့ ခရီးစဉ်ကို CBS News နဲ့ Axios သတင်းဌာန နှစ်ခုစလုံးက ဖော်ပြခဲ့တာပါ။
ရတ်ကလစ်ဖ်က ဘယ်သူနဲ့ တွေ့မယ်၊ ဒါမှမဟုတ် ဆွေးနွေးပွဲတွေမှာ ဘယ်အကြောင်းအရာတွေကို ဖော်ပြဖို့ မျှော်လင့်ထားတယ် ဆိုတာတွေကို သတင်းဌာနတွေက မဖော်ပြခဲ့ပါဘူး။
CIA ကိုယ်စားလှယ်တွေကလည်း အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။
ရုရှားသမ္မတနန်းတော် ကရင်မလင်က ကိုယ်စားလှယ်တွေကိုလည်း ချက်ချင်းဆက်သွယ်လို့ မရခဲ့ပါဘူး။
ခရီးစဉ်မတိုင်မီ အမေရိကန်က အကြီးတန်းကိုယ်စားလှယ်အဖွဲ့တဖွဲ့ မော်စကိုဆီ သွားမယ်လို့ ယူကရိန်းအစိုးရကို ပြောခဲ့ပြီး သူတို့ ရုရှားကနေ ထွက်ခွာသွားတဲ့အထိ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားဖို့ တောင်းဆိုခဲ့တယ်လို့ ယူကရိန်း အကြီးတန်းအရာရှိတယောက်က CBS သတင်းဌာနကို ပြောပါတယ်။
CIA ဟာ ရုရှားနဲ့ ၂၀၂၄ ခုနှစ် အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်မှာလည်း ပါဝင်ခဲ့ပြီး Wall Street Journal သတင်းထောက် အီဗန် ဂါ့ရှ်ကိုဗစ်ချ်၊ အမေရိကန် ရေတပ်သားဟောင်း ပေါလ် ဝီလန်နဲ့ ရုရှား-အမေရိကန် သတင်းထောက် အယ်လ်ဆူ ကူမာရှီဗာတို့ကို လွှတ်ပေးခဲ့ဖူးပါတယ်။
Source: Reuters











