DVB Logo
Home
မြန်မာသတင်း
မန္တလေးအဓိကရုဏ်း အစီရင်ခံစာ ထုတ်ပြန်
DVB
·
March 24, 2015
မန္တလေးအဓိကရုဏ်း အစီရင်ခံစာ ထုတ်ပြန်
Donate to DVB

မန္တလေးမြို့မှာ မနှစ်နှစ်လည်ပိုင်းက  ဖြစ်ခဲ့တဲ့ အဓိကရုဏ်းဟာ မမြင်ရတဲ့ လျှို့ဝှက်ကြံစည်သူလက်တွေက နိုင်ငံရေးရည်ရွယ်ချက်အတွက် ကြိုတင်စီစဉ်ထားတဲ့ ဇာတ်လမ်း အတိုင်း ကျူးလွန်ခဲ့ကြတာ ဖြစ်တယ်လို့   တရားမျှတမှုအဖွဲ့ (Justice Trust)က ထုတ်ပြန် ပါတယ်။

“မြန်မာနိုင်ငံ မွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုများနောက်ကွယ်မှ မမြင်ရသောလက်၊ မန္တလေးအဓိကရုဏ်းနှင့်ပတ်သက်၍ လေ့လာချက် အစီရင်ခံစာ” အမည်နဲ့ ဒီနှစ် မတ်လထုတ် မူဝါဒဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီအစီရင်ခံစာကို တည်းဖြတ်သူ၊ တရားမျှတမှုအဖွဲ့ (Justice Trust)ရဲ့ ဦးဆောင်ကော်မတီဝင် မန္တလေးမြို့က ရှေ့နေဦးသိန်းသိန်းဦးက “တနိုင်ငံလုံးမှာရခဲ့တဲ့ သက်သေအထောက်အထား တွေ၊ ဖြစ်စဉ်တွေက ပုံစံတူတွေဖြစ်တယ်။ ဒီ ဘာသာရေးအရေးအခင်း၊ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဖြစ်တဲ့အနေအထားတွေက တပုံစံတည်း ဖြစ်တယ်။ အဲဒါတွေက မန္တလေးမှာ ဖြစ်ခဲ့တဲ့ကိစ္စကလည်း တကယ်ကတော့ သတင်းဌာန သစ်ထူးလွင်ဆိုတဲ့သတင်းဌာနက မမှန်သတင်း ထုတ်လွှင့်လှုံ့ဆော်တာတွေနဲ့ အတူတူပေါ့နော် ပူးပေါင်းကြံစည်တဲ့သူတွေ ပါဝင်တယ်။ ပူးပေါင်းပါဝင်တဲ့သူတွေ ပါဝင်တာမှ နောက်ကွယ်က အကွက်ချပြီးတော့ ရာဇ၀တ်မှုတွေ ရောယှက်ပြီးတော့ ဇာတ်လမ်းကို မကြီးကြီးအောင်လုပ်တာဖြစ်တယ်။ ဒါကို နိုင်ငံတော်အစိုးရဘက်ကလည်း သတင်းစာရှင်းလင်းပွဲ လုပ်ထားတယ်။ ကျနော်တို့ရတဲ့ အချက်အလက်တွေက တွေ့ရတယ်။ နောက်ဖြစ်စဉ်တွေမှာ ပါဝင်လာခဲ့တဲ့လူတွေက ထုံးစံအတိုင်းပါပဲ မန္တလေးမြို့သားတွေ မဟုတ်ဘူး။ ဖြစ်စဉ်တိုင်း ဖြစ်စဉ်တိုင်းမှာ ပါဝင်ကျူးလွန်သူတွေဟာ သူစိမ်းတွေ ဖြစ်ကြတယ်။ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌလည်း ဒီအချက်ကို ၀န်ခံရပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းလည်း ဒီအချက်ကို ထောက်ပြတယ်။ ဒီအချက်တွေက ကျနော်တို့ ရရှိတဲ့ အသေးစိတ်အချက်အလက်တွေ ဒီပြင် ဗမာပြည်ထဲမှာ ဖြစ်ခဲ့တဲ့ ပုံစံတူကိစ္စတွေအားလုံးကို ချုပ်လိုက်တော့ ကျနော်တို့ရခဲ့တဲ့ ဓာတ်ပုံအထောက်အထားအပါအ၀င် အချက်အလက်တွေက အဲဒီကိစ္စကို လှုံ့ဆော်သွားတာဟာ မန္တလေးကလူတွေ မဟုတ်ဘူး။ သာမန်ကိစ္စမဟုတ်ဘူး။ အကွက်ကျကျ အစီအစဉ်တကျ စီစဉ်သွားတာလို့ ထုတ်ပြောရင် ဖြစ်ပါတယ်ခင်ဗျ။ ” လို့ ပြောပါတယ်။

မန္တလေးအဓိကရုဏ်းဟာ သေချာ စုဖွဲ့ထားတဲ့ လက်နက်ကိုင်ဂိုဏ်းတွေက ကျူးလွန် ဆောင်ရွက်ခဲ့ကြကြောင်းနဲ့ သူတို့တတွေကို မန္တလေးမြို့ပြင်ပကနေ ခေါ်ဆောင်လာခဲ့ကြတာ ဖြစ်ပြီး အလိုအလျောက် လူအုပ်လူဝေးနဲ့ ဆူပူအကြမ်းဖက်မှုအသွင် ထင်မြင်ရလေအောင် သေသေချာချာ စီစဉ် ဒီဇိုင်းလုပ်ထားတဲ့အဓိကရုဏ်းဖြစ်တယ်လို့ ဆိုပါတယ်။

အပိုင်း ၃ ပိုင်းပါ အစီရင်ခံစာမှာ အရင်စစ်အစိုးရဟောင်းနဲ့ ဆက်စပ်မှု ရှိကြတဲ့ သဘောထားတင်းမာသူတွေရဲ့ လျှို့ဝှက်ကြံစည်တဲ့လက်တွေက မန္တလေးအဓိကရုဏ်းတွေကို ဘယ်လို ဖန်တီး လှုံ့ဆော်သည်ကို ဖော်ပြထားပြီး ဘာသာရေးအကြမ်းဖက်မှု ထောင်ချောက် အတွင်း မကျရောက်အောင် ပြည်သူတွေကို အကြံပြုချက်တွေ ထည့်သွင်း ထားပါတယ်။

နိုင်ငံတကာ ဥပဒေပညာရှင်တွေပါ ၀င်တဲ့ ခြောက်လကြာ ကွင်းဆင်းမေးမြန်းချက်တွေအရ ဖြေကြားသူတွေက တညီတညွတ်တဲ့ ပြောဆိုကြရာမှာ  အဓိကရုဏ်းတွေဟာ စစ်တပ်သဘော ထားတင်းမာသူတွေရဲ့ ပြယုဂ်လုပ်ရပ်တခုဖြစ်ပြီး အထူးသဖြင့် စစ်အစိုးရရဲ့ ထိပ်သီးခေါင်းဆောင်၊ စိတ်ဓာတ်စစ်ဆင်ရေး ကျွမ်းကျင်သူလို့ နာမည်ကျောင်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သစ္စာရှိ လူယုံများလုပ်ရပ်လို့ ဆိုကြောင်းနဲ့ ရည်ရွယ်ချက်ကတော့ မူဆလင်တွေအပေါ် အကြမ်းဖက်မှုတွေကို ဖန်တီးပေးခြင်းအားဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အဟန့်အတား ဖြစ်စေရန်။ ကန့်လန့်ကာနောက်ကွယ်မှနေ၍ သူတို့အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်လို့ ဆိုကြသည်လို့ ဖော်ပြပါတယ်။

အခန်း ၂ မှာ နောက်ခံအကြောင်းအရာတွေနဲ့ သုံးသပ်ချက်တွေကို ဖော်ပြပြီး အရင်စစ်အစိုး လမ်းပြမြေပုံက နိုင်ငံရေးအသွင်ကူးပြောင်းမှုလမ်းကြောင်းကို ချပေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ လူမှုအသိုက်အ၀န်းချင်း ပဋိပက္ခများမှသည် မိတ္ထီလာ၊ လားရှိုး၊ မန္တလေးနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ မွတ်စလင်ဆန့်ကျင်ရေးအဓိကရုဏ်းတွေ ဘယ်ကို ဦးတည်တယ်ဆိုတာကို ဖော်ပြရေးသားပါတယ်။

အဓိကရုဏ်းတွေရဲ့ ရည်ရွယ်ချက်တွေဟာ ခေါင်းမာအုပ်စုတွေနဲ့ ခရိုနီကွန်ယက်တွေရဲ့ တရားမ၀င် အာဏာကို ဆက်လက်ထိန်းသိမ်းထားရေး ဖြစ်ပြီး လူထုရဲ့ဒေါသ၊ မကျေနပ်မှုတွေကို လမ်းလွှဲပေးရေး၊ လမ်းကြောင်းပြောင်းပေးရေးဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲဖို့ နိုင်ငံရေးဆန္ဒ မရှိကြတဲ့အခြေအနေမှာ ဒီလို လုပ်ဆောင်ခြင်းကြောင့်  ဒီမိုကရေစီအင်အားစုတွေရဲ့ အင်အား ချိနဲ့လာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးမှာ ဖြစ်ပွားတဲ့အဓိကရုဏ်းမဖြစ်ပွားမီ မနှစ် ဇွန် ၃၀ ရက်နေ့က ဆရာတော် ဦးဝီရသူရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာကနေ မွတ်ဆလင်ညီအကို ၂ ဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီးအိမ်ဖော်တဦးကို မုဒိမ်းကျင့်တယ်လို့   ဖော်ပြခဲ့ပါတယ်။ ဒီအမျိုးသမီးက နောက်ပိုင်းမှာ လူမိုက်တဦးက ခြိမ်းခြောက်ခိုင်းစေတာကြောင့် လိမ်လည်ပြောဆိုခဲ့တာလို့ ပြောဆိုခဲ့တာကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် ဒီသတင်းမှားကြောင့် ဗုဒ္ဓဘာသာဝင်တဦးနဲ့ အစ္စလာမ်ဘာသာဝင်တဦး အသက်သေဆုံးခဲ့ရပြီးနောက်မှာ အကြမ်းဖက်မှုကို ဦးတည်တဲ့ အဓိကရုဏ်းဖြစ်ပွားတဲ့ အဆင့်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ အဓိကရုဏ်းဖြစ်စဉ်မှာ လက်နက်ကိုင်ဆောင်တဲ့ နယ်ခံ မဟုတ်လို့ ယူဆရတဲ့ လူငယ် ၃၀ ခန့်ဟာ တုတ်၊ ဓားတွေ ကိုင်ဆောင်ပြီး ဆိုင်ကယ်တွေနဲ့ မြို့တွင်းမှာ ယာဉ်တွေ၊ အိမ်တွေ၊ ဗလီတွေကို ဖျက်ခဲ့ကြတာကို ရဲ ၁၀၀ ကျော်က လက်ပိုက်ကြည့်နေတယ်လို့ ဆိုပါ တယ်။ အဆိုပါ လူငယ် ၃၀ ခန့်ဟာ ဘုန်းကြီးကျောင်းတွေကိုလည်း သူတို့နဲ့ လိုက်ပါဖို့ လိုက်လံ စည်းရုံးပေမယ့် သံဃာတွေနဲ့ နယ်မြေခံ ပြည်သူတွေက ပူးပေါင်းပါဝင်ခြင်း မရှိခဲ့ကြဘူးလို့ စည်းရုံးခံရပြီး ငြင်းပယ်ခဲ့ကြတဲ့ ကျောင်းထိုင်ဆရာတော်ကြီးတွေရဲ့  မိန့်ကြားချက်ကို ကိုးကား ဖော်ပြပါတယ်။

အဓိကရုဏ်းဖြစ်နေစဉ်မှာ အနီးဝန်းကျင်မှာ လုံခြုံရေးထိန်းသိမ်းတဲ့တပ်ဖွဲ့တွေ ရှိနေပေမယ့် မကိုင်တွယ်ခဲ့ကြပဲ လျစ်လျူရှုခဲ့ကြတယ်လို့ မျက်မြင်ဒေသခံတွေကို မေးမြန်းချက်တွေကို ဖော်ပြပါတယ်။

မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နဲ့ လွတ်လပ်စွာကျင့်သုံးခွင့် ရှိတယ်လို့ ပြဌာန်းထားပေမယ့် ၉၆၉ လှုပ်ရှားမှု၊ မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ ဦးဝီရသူရဲ့ တရားပွဲတွေဟာ ဒီအခွင့်အရေးတွေကို တိုက်ရိုက် စိန်ခေါ်ခြိမ်းခြောက်နေတယ်လို့ ဖော်ပြပါတယ်။ ၉၆၉ လှုပ်ရှားမှုဟာ ၂၀၁၄ ဖေဖော်ဝါရီလမှာ ရန်ကုန်မြို့မှာ ကျင်းပတဲ့ စာပေဟောပြောပွဲတခုကိုလည်း မွတ်စလင်ဟောပြောသူတွေ ပါနေတယ်၊ အမုန်းတရားပြန့်ပွားရေး ဟောပြောနေတယ်ဆိုပြီး နှောင့်ယှက်ခဲ့ကြတာကို ဖော်ပြပါတယ်။

သမ္မတဦးသိန်းစိန်က အမုန်းတရားနဲ့ အကြမ်းဖက်မှုအတွက် လှုံ့ဆော်သူတွေကို ဥပဒေကြောင်းအရ ပြင်းထန်စွာ အရေးယူမယ်လို့ သတိပေးခဲ့ပေမယ့် အာဏာပိုင်တွေက ၉၆၉ လှုပ်ရှားမှုရဲ့ ရန်လိုတဲ့ ဆောင်ရွက်ချက်များအပေါ် တိကျတဲ့ အရေးယူဆောင်ရွက်ချက်တွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ရာဇ၀တ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေကို အသာထားပြီး တရားဝင်ထုတ်ပြန်ကြေညာချက်များဖြင့်ပင် အရေးယူဆောင်ရွက်ခြင်း မရှိပါလို့ ဖော်ပြ ထားပါတယ်။

ရှေ့နေ ဦးသိန်းသန်းဦးက“ဥပမာအားဖြင့်ဗျာ အများကြီး မြင်ရပါတယ်။ အခုဆိုလို့ရှိရင်ဗျာ စာရေးဆရာ ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ်တရားရုံးမှာ သာသနာကို ညစ်နွမ်းအောင် ပြောဆိုမှုဆိုပြီး ၂၉၅ (က)နဲ့ တရားစွဲထားပါတယ်။ စွဲချက်တောင် တင်နေတဲ့အနေအထား ဖြစ်ပါတယ်။ ဦးထင်လင်းဦး ဟောပြောတာက ဘာသာရေးစော်ကားတာ မဟုတ်ပါဘူး။ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့အခါမှာ အချို့အချက်အလက်ကလေးတွေပါတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီးတော့ စွဲတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာမှာ အင်မတန်ထင်ရှားတဲ့ ဆရာတော်တပါးက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် (မစ္စစ် ယန်ဟီးလီ)ကို အင်မတန် ရင့်သီးရိုင်းပြတဲ့၊ သာသနာတော်မှာ ခွင့်ပြုမထားတဲ့၊ သာမန်ယဉ်ကျေးတဲ့ လူတယောက်တောင် မသုံးတဲ့ အသုံးတွေ သုံးထားတာမျိုးကို ဘာမှ သတိပေးတာက အစ ဘာမှမလုပ်ဘူး။ အဲဒီတော့ သူက အမုန်းတရားတွေ လှုံ့ဆော်တဲ့ လူတွေကို ပြောတယ်ဆိုပေမယ့် လူမှုရေးကွန်ရက်မှာလည်း ဒါမျိုးတွေ အများကြီး လူမှုရေးကွန်ရက်မှာလည်း ကြက်ဥကြော်တံဆိပ်တွေနဲ့ အုံနဲ့ကျင်းတဲ့ အချိန်နဲ့တပြေးညီ လှုံ့ဆော်နေတဲ့သူတွေ ရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့် တရားပွဲတွေမှာ ပြောနေတဲ့သူတွေ ရှိတယ်။ ဒါတွေ အကုန်လုံးကို လွှတ်ထားပါတယ်။ လွှတ်ချင်တဲ့သူတွေကို လွှတ်ထားပြီးတော့ မလိုတဲ့သူတွေကိုတော့ အပြစ်ပေးတယ်။” လို့ ပြောပါတယ်။

အစီရင်ခံစာထဲမှာလည်း အစိုးရက အမှန်တကယ်မှာ ၉၆၉ လှုပ်ရှားမှုအတွက် လူမှုအမုန်းတရားများ ဟောပြောဖန်တီးရန် ၀န်းကျင်ကို ဖန်တီးပေးထားပြီး တချိန်တည်းမှာ လူ့အခွင့်အရေးကို ကာကွယ်လှုပ်ရှားပေးနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေကို  အတင်းအကျပ် ချေမှုန်း ဖိနှိပ်ခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးအကြမ်းဖက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ တရားမျှတမှုအဖွဲ့(Justice Trust)နဲ့အတူ တွေ့ဆုံ မေးမြန်းခဲ့ကြသည့် ရှေ့နေများက ယခု ဖမ်းဆီးထားသူများ၊ ပြစ်ဒဏ် ချမှတ် ထားသူများသည် အမှန်တကယ် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြသည်ဟု မယုံကြည်ကြောင်း ဖော်ပြ ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ကျန်ဒေသတွေမှာ ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေဟာ မတူညီ ကွဲပြားခြားနားတယ်ဆိုတာကိုလည်း အစီရင်ခံစာက ထောက်ပြ ထားပါတယ်။ ရခိုင်ပြည်နယ်ကိစ္စမှာ သမိုင်းကြောင်းအရ အမြစ်တွယ်နေတဲ့ ကွဲပြားရန်လိုမှုတွေ အစစ်အမှန် ရှိနေပြီး နောက်ပိုင်းနိုင်ငံရဲ့ ကျန်ဒေသတွေမှာ ဖြစ်ပွားတဲ့ ကိစ္စတွေမှာတော့ လူထုရဲ့ စိတ်ခံစားမှုကို သွေးထိုးပေးပြီး တင်းမာမှုတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ ဖြစ်တယ်လို့ ရေးထားပါတယ်။

အတိတ်ကာလမှာကလည်းက မြန်မာနိုင်ငံမှာ နိုင်ငံရေးအာဏာအတွက် ဘာသာရေးကို ခုတုံးလုပ်မှုတွေ ဖြစ်ခဲ့တာကြောင့် ဒီဖြစ်ရပ်တွေကို  လူအများ သိရှိအောင် ဖြန့်ဝေပြောဆိုကြဖို့နဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တွေကို ဟန်ဆောင်သဘောမဟုတ်ဘဲ အောက်ခြေအဆင့်ထိ ထိထိရောက်ရောက် ဖွဲ့စည်းပြီး အကြမ်းဖက်ဖို့ ကြိုးပမ်းသူတွေကို တုံ့ပြန် ဆောင်ရွက်သင့်တယ်လို့ မန္တလေးမြို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုကော်မတီအဖွဲ့ဝင်လည်းဖြစ်တဲ့ ရှေ့နေ ဦးသိန်းသန်းဦးက တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013