DVB Logo
Home
မြန်မာသတင်း
မြိုင်ကြီးငူ လက်ထောက်ဆရာတော် သေနတ်နှင့် ပစ်ခတ်ခံရ
DVB
·
March 23, 2015
မြိုင်ကြီးငူ လက်ထောက်ဆရာတော် သေနတ်နှင့် ပစ်ခတ်ခံရ
Donate to DVB

မြိုင်ကြီးငူဆရာတော်ဦးသုဇနရဲ့ လက်ထောက်ဆရာတော်လည်းဖြစ် ဆွေမျိုးတော်စပ်သူ လည်းဖြစ်တဲ့ ဆရာတော် ဦးခေမိကဟာ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး သံဃာ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ပြီးခဲ့တဲ့ တပေါင်းလပြည့်ကျော် ၆ ရက် (မတ်လ ၁၀) နေ့ညက မြိုင်ကြီးငူဒေသ မယ့်ပလိ ကျေးရွာမှာ ရဟန်းခံရှင်ပြုပွဲလုပ်နေစဉ် ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး နောက်ကြောကနေ သေနတ်နဲ့ ၄ ချက် ပစ်ခတ်ခံခဲ့ရတယ်လို့ ဆရာတော်ဦးခေမိက ကဒီဗွီဘီကို မိန့်ပါတယ်။

“အခု ဦးဇင်းရဲ့ ခါးနားမှာ ၃ ချက်၊ နောက်ကြောမှာ တချက်၊ ကျဉ်ဆံက အခု ၃ လုံးကျန်နေသေးတာပေါ့။ တလုံးက ပေါက်ထွက်သွားတာပေါ့။ ဦးဇင်းပေါင်ခြံကနေပြီး ပေါက်ထွက်တယ်။ ခါးမှာထိတဲ့ ၃ လုံးက တလုံးက ပေါင်ခြံကိုပေါက် ထွက်သွားတယ်။ တလုံးက ဦးဇင်းရဲ့ကြောပြင် အဲဒါဦးဇင်း အသည်းနားမှာ ကပ်ပြီးတော့ ရှိနေတာပေါ့။ အခုလက်ရှိ ဦးဇင်းဗိုက်ထဲမှာ ၃ လုံးရှိနေတာပေါ့။”

ပြီးခဲ့တဲ့သီတင်းပတ်က သေနတ်ဒဏ်ရာနဲ့ ရန်ကုန်ကို သွားရောက်ကုသခဲ့ပေမယ့် မြိုင်ကြီးငူ ဆရာတော်က ပြန်ခေါ်တဲ့အတွက် လက်ရှိ မြိုင်ကြီးငူ သံဃာ့ဆေးရုံမှာပဲ ဆေးကုသမှုခံယူနေ တယ်လို့ လည်းမိန့်ပါတယ်။

ဆရာတော် ဦးခေမိက သက်တော် ၅၂ နှစ် ၀ါတော်၂၂ ဟာ လက်ရှိ မြိုင်ကြီးငူ တဖက်ကမ်း မှာရှိတဲ့ ဆွေမြတ်မျိုးကြွယ်ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် အဖြစ် သီတင်းသုံးနေတာပါ။

ဆရာတော်အနေနဲ့ ခမည်းတော်ရဲ့ ဇာတိ မဲ့ပလိရွာမှာ စာသင်ကျောင်းဖွင့်လှစ်ထားသလို၊ ကော့လုံနဲ့ ထူးဝါးကော်ကျေးရွာတွေမှာလည်း ကျောင်းဆောက်နေတာနဲ့ ပတ်သက်ပြီး မကျေနပ်သူတွေရှိနေတဲ့ အကြောင်း၊ ပစ်ခိုက်တိုက်ခတ်သူတွေကို သိရှိပေမယ့် ထုတ်ဖော် မပြောလိုကြောင်းနဲ့ သူ့အနေနဲ့ ဒီလိုပစ်ခတ်တိုက်ခိုက်တဲ့ အပေါ် အာဃာတ မထားဘူးလို့ မိန့်ပါတယ်။

“ဒီလိုမျိုးဖြစ်တဲ့အပေါ်မှာတော့ ဦးဇင်းကတော့ ဘယ်လိုမှပြောတော့ပါဘူး။ ဒါဦးဇင်းရဲ့ကံတရား ဘဲလေ။ ဒီဘ၀အဆက်ဆက် ကိုယ်လုပ်ခဲ့တာ မကောင်းတာရှိမှာပေါ့။ ဦးဇင်းတို့ ဗုဒ္ဓတရား အနေနဲ့ကတော့ ကံရဲ့အကျိုးဘဲပေါ့နော်။ ဘယ်သူ့ကိုမှ အပြစ်မတင်ဘူး။ ဒါ ကံရဲ့အကျိုးကြောင့် ဟိုးအရင်ဘ၀က သံသရာ အဆက်ဆက်က ကိုယ်ဘာတွေလုပ်ခဲ့မှန်းမသိခဲ့တာ။ အခုချိန် ကိုယ်ပြန်ခံစားရတာ။ ဘယ်သူ့ကိုမှ မမုန်းဘူး။ ဘယ်သူ့ကိုမှ အာဃာတတရား မထားဘူး။”

ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသေးတဲ့ ကျည်ဆန်တွေကိုတော့ ထိုင်းနိုင်ငံမှာ သွားရောက်ကုသဖို့ အစီအစဉ် ရှိတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013