DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက်မြန်မာအလုပ်သမားအတွက် နိုင်ငံသားစိစစ်ရေး ကွင်းဆင်းဆောင်ရွက်မည်
DVB
·
March 23, 2015
ထိုင်းရောက်မြန်မာအလုပ်သမားအတွက် နိုင်ငံသားစိစစ်ရေး ကွင်းဆင်းဆောင်ရွက်မည်
1 / 4
Donate to DVB

ထိုင်းနိုင်ငံမှာ ပန်းရောင်နေထိုင်ခွင့်ကတ်ရှိပြီး နိုင်ငံသားစိစစ်ရေးမလုပ်ရသေးသူတွေ အတွက် မြန်မာသံရုံးက ထိုင်းနိုင်ငံရှိ နေရာပေါင်း ၅ ခု (One stop service center)မှာ ကွင်းဆင်းဆောင်ရွက်ပေးသွားဖို့ အစီအစဉ်ရှိနေပါတယ်။

ထိုင်းနိုင်ငံရှိ ဘန်ကောက်(စမွတ်ပရာကန်နှင့် စမွတ်စာခွန်း)၊ မယ်ဆိုင်၊ ရနှောင်း၊ မဲဆောက် စတဲ့ ၅ နေရာမှာ နိုင်ငံသားစိစစ်ရေး ဆောင်ရွက်ပေးမှာဖြစ်ပြီး လုပ်ငန်းစဉ်ပိုမိုချောမွေ့စေဖို့အတွက် မြန်မာသံရုံးက အဖွဲ့ငယ် ၂၁ ဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ကွင်းဆင်းစာရင်းကောက်တဲ့အခါ အထောက်အထားပြည့်စုံရင် နိုင်ငံသားစိစစ်ရေးတင်နိုင်ပြီး မပြည့်စုံသူတွေ ကတော့ မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံလက်မှတ်အစိမ်းရောင် ထုတ်ပေးမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမားသံမှူး ဦးသိန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

“စာရင်းကောက်တဲ့အခါ ကိုယ်ရေးရာဇ၀င် အချက် ၂၇ ချက် ဖြည့်ရပါမယ်။ မှတ်ပုံတင်ရှိတယ်၊ အိမ်ထောင်စု ဇယားရှိတယ်၊ စသဖြင့် အဲဒီအချက်တွေနဲ့ ပြည့်စုံရင် နိုင်ငံသား စိစစ်ရေးကြီးကြပ်ရေးရုံးကို တင်ပေးမယ်။ ပြီးရင် နိုင်ငံကူးလက်မှတ် ထုတ်ပေးမယ်။ တကယ်လို့ အချက်အလက် မပြည့်စုံဘူး၊ ဒါပေမယ့် မြန်မာပြည်က လာတယ်ဆိုရင် မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံလက်မှတ် အစိမ်းရောင် ထုတ်ပေးဖို့ စီစဉ်ထားပါတယ်။ လူတိုင်းနိုင်ငံကူးလက်မှတ်ရအောင်လို့ပါ”လို့သူက ပြောပါတယ်။

ကွင်းဆင်းစာရင်းကောက်ယူမှုတွေကို လာမယ့် မေလမှ နိုဝင်ဘာလအတွင်း ဆောင်ရွက်ပေးမှာဖြစ်ပြီး စေတနာ့ဝန်ထမ်း ၂၁ ဖွဲ့ကလည်း မြန်မာအလုပ်သမားအများစုနေထိုင်တဲ့ ဒေသတွေမှာ လုပ်ဆောင်သွားမယ်လို့ မြန်မာအလုပ်သမားသံမှူးက ပြောပါတယ်။

ကွင်းဆင်းတဲ့အဖွဲ့ထဲမှာ ဒေသတွင်း အလုပ်သမားအရေးဆောင်ရွက်နေသူ၊ တိုင်းရင်းသားဘာသာစကား၊ ထိုင်းဘာသာ စကား တတ်မြောက်သူ စေတနာဝန်ထမ်းတွေပါ ပါမယ်လို့ ဆိုပါတယ်။

လက်ရှိ ပန်းရောင်ယာယီနေထိုင်ခွင့်ကတ်တွေဟာ မတ်လ ၃၁ ရက်မှာ သက်တမ်းကုန်တော့မှာဖြစ်တဲ့အတွက် ထိုင်းအစိုးရကလည်း သူတို့ကို လာမယ့် ဧပြီ ၁ ရက်ကစပြီး ဇွန်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးပေးမှာဖြစ်ပါတယ်။ ၃ လအတွင်း သက်တမ်းတိုးရမှာဖြစ်ပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ အလုပ်သမား မှတ်ပုံတင်ခြင်း စတဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့ရှိနေတာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ဇွန်လ ၃၀ ရက်နေ့အထိ သွားရောက်သက်တမ်းမတိုးတဲ့ သူများကို ထိုင်းအစိုးရ တရားမ၀င်သတ်မှတ်ပြီး ဖမ်းဆီးအရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။ ၃ လအတွင်း သက်တမ်းထိုးထားတဲ့ အလုပ်သမားများဟာ လာမယ့် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းမြန်မာ ၂ နိုင်ငံက အလုပ်သမားဒုဝန်ကြီးးနဲ့အဖွဲ့ဟာ ထိုင်းရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့တဲ့ မတ်လ ၁၉ နဲ့ ၂၀ ရက်တွေက ထိုင်းနိုင်ငံ ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

အစည်းအဝေးမှာ ထိုင်းနဲ့ မြန်မာအကြား အလုပ်သမားစေလွှတ်ရေးကိစ္စ ပြဿ နာအခက်အခဲတွေ ပူးပေါင်းဖြေရှင်းရေး၊ အလုပ်သမားစွမ်းရည်မြှင့်တင်ရေး၊ အလုပ်သမားစေလွှတ်ရေးဆိုင်ရာ ၂ နိုင်ငံ သဘောတူစာချုပ် (အမ်အိုယူ) ပါအချက်တွေ ပြင်ဆင်ဖြည့်စွက်ရေး၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်နဲ့ ၀င်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို လက်မှတ်သက်တမ်း ၃ရက်တကြိမ် မှ တပတ်တကြိမ် တိုးပေးရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာဘက်က အလုပ်သမား ဒုဝန်ကြီး ဦးထင်အောင်၊ ထိုင်းဘက်က အလုပ်သမားဒုဝန်ကြီး ဗိုလ်ချုပ်ဆုရဆဒ်ကန်ကျနရတ်တို့ ဦးဆောင်ဆွေးနွေးပြီး နှစ်ဘက် အလုပ်သမားသံအရာရှိတွေ ၊ ဥပဒေ အကြံပေးတွေ တက်ရောက်ခဲ့ပါတယ်။

[gallery ids="86730,86732,86733"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013