DVB Logo
Home
Lead Story
“စင်ကာပူ အမျိုးသားခေါင်းဆောင်လီကွမ်ယု အပေါ် မြန်မာ့အမြင်များစုစည်းချက်”
DVB
·
March 23, 2015
“စင်ကာပူ အမျိုးသားခေါင်းဆောင်လီကွမ်ယု အပေါ် မြန်မာ့အမြင်များစုစည်းချက်”
Donate to DVB

စာရေးဆရာ တက္ကသိုလ်စိန်တင်
“စင်ကာပူနိုင်ငံကြီး ဒီကနေ့ ထူထူထောင်ထောင် ကြီးကြီးမားမားဖြစ်နေတာဟာ ခေါင်းဆောင်ကြီး လီကွမ်ယုရဲ့ ဦးဆောင်ကျွမ်းကျင်မှု၊ အမြင်ကျယ်မှု၊ နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ အဆင်ပြေအောင် ဦးဆောင်နိုင်ခဲ့မှုကြောင့်ပါ။ စင်ကာပူလို ဘာမှ မထွက်တဲ့နိုင်ငံတနိုင်ငံမှာ တကမ္ဘာလုံးက အားကိုးရတဲ့ နိုင်ငံတနိုင်ငံအဖြစ်သို့ရောက်အောင် သူ ကြိုးပမ်းခဲ့တဲ့ သက်သေသာဓကတွေ များစွာရှိပါတယ်။ ဒါပမယ့် စင်ကာပူရဲ့ နိုင်ငံရေးစနစ်က ဒီမိုကရေစီ ဆိုသော်လည်း တင်းကျပ်တဲ့ ဒီမိုကရေစီရှိတယ်လို့ မြင်ပါတယ်။ စင်ကာပူမှာ ဒီကနေ့ ကြိမ်ဒဏ်ရိုက်တဲ့ စနစ်ရှိနေပါသေးတယ်။ လူလူချင်းညှဉ်းဆဲမှုအပေါ် မူတည်ပြီး ဒီကြိမ်ဒဏ်ရိုက်တဲ့ စနစ်ကို ကျနော်တို့ ဒီမိုကရေစီ သမားတွေ အနေနဲ့ မကြိုက်ပါဘူး။ ဒီတခုထဲနဲ့ကို စင်ကာပူဟာ ဒီမိုကရေစီအားနည်းတယ်လို့ မြင်ပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ စင်ကာပူနိုင်ငံ ဒီကနေ့ အရှေ့တောင်အာရှမှာ ထီးထီးမားမား ပပလွှားလွှားဖြစ်နေတာဟာတော့ ပထမဆုံးတည်ထောင်ခဲ့တဲ့ ခေါင်းဆောင်ကြီး လီကွမ်ယုရဲ့ ကြိုးပမ်းအားထုတ်မှု ဖြစ်တယ်ဆိုတာ ကို တကမ္ဘာလုံးက အသိအမှတ် ပြုရပါလိမ့်မယ်။ စင်ကာပူနိုင်ငံသားတွေကလည်းပဲ အသိအမှတ်ပြုရပါလိမ့်မယ်။ ကမ္ဘာ့သမိုင်းမှာ စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုဟာ ထင်ရှားတဲ့ နိုင်ငံပြုခေါင်းဆောင်ကြီး အဖြစ်နဲ့ မှတ်တမ်း ကျန်ရစ်လိမ့်မယ်လို့ မြင်ပါတယ်။”

စာရေးဆရာ ထက်မြက်
“စင်ကာပူနိုင်ငံ ခုအခြေအနေရောက်လာအောင် စွမ်းဆောင်နိုင်ခဲ့တာကတော့ လီကွမ်ယုပဲ။ အရည်အချင်းတကယ်ရှိပြီးတော့ တိုင်းပြည်တိုးတက်ဖို့အတွက် လေးလေးနက်နက် ဆောင်ရွက်ခဲ့တဲ့ ပညာရှင်တစ်ယောက်လို့ ပြောလို့ရတယ်။ ၁၉၆၅ ခုနှစ် သြဂုတ်လ ၁ရက်နေ့ စင်ကာပူ လွတ်လပ်ရေးကြေညာတဲ့နေ့မှာ လီကွမ်ယုက ဗမာပြည်နဲ့ ပတ်သက်ပြီး ဗမာပြည်ဟာ အာရှတိုက်မှာ စံထားရမယ့် နိုင်ငံတနိုင်ငံဖြစ်တယ်။ ဗမာပြည်လို အခြေအနေမျိုးကို စင်ကာပူဟာ နောင် အနှစ် ၂၀ ရောက်အောင်ကြိုးစားမယ်လို့ ပြောခဲ့ဖူးတယ်။ အဲဒီတုန်းက ဗမာနိုင်ငံဟာ စစ်အာဏာရှင်အုပ်ချုပ်တဲ့ ၃ နှစ်တောင် ရောက်လာခဲ့ပြီ ဒါပေမယ့် ဗမာပြည်ရဲ့ စီးပွားရေးဟာ အဆိုးဆုံး၊ နောက်အကျဆုံး မဖြစ်သေးဘူး။ ကျွန်းနိုင်ငံလေးကို တည်ထောင်ခေါင်းဆောင်ခဲ့တဲ့ စင်ကာပူ အမျိုးသားခေါင်းဆောင် လီကွမ်ယုလို ပုဂ္ဂိုလ်မျိုးက ဗမာနိုင်ငံကို စံထားပြီးတော့ သူ့နိုင်ငံကို ကြီးပွားတိုးတက်အောင်လုပ်နိုင်တဲ့အတွက် အလွန်ချီးကျူးစရာကောင်းတဲ့ ခေါင်းဆောင်မျိုးပဲ။ လီကွမ်ယုကွယ်လွန်သွားတာတာ တကယ့်ဆုံးရှုံးမှုတခု၊ နှမျောစရာလည်း ကောင်းတယ်၊ အလွန်ဂုဏ်ယူပြီးတော့ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။”

ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ (ဒီမိုကရက်တစ်ပါတီမြန်မာ)
“ကျနော်သူ့ကို ဖဆပလ လက်ထက်က အာရှဆိုရှယ်လစ်ညီလာခံ လုပ်တယ်၊ ၁၉၅၄ ခုနှစ်ကအဲဒီကတည်းက စသိတာ။ အဲဒီတုန်းကတော့ နာမည်သိပ် မရှိသေးဘူး။ အဲဒီကတည်းက သူ့တိုင်းပြည်မှာ ဒီမိုကရက်တစ် ဆိုရှယ်လစ်စီမံကိန်း တည်ဆောက်ရမယ် ဆိုပြီးလုပ်တာ တော်တော်လေး ယုံကြည်ချက်နဲ့ ကြိုးစားပုံလည်း ရတယ်။ အဲဒါကြောင့် သူ့ကြိုးစားမှုတွေက အရမ်းကိုအောင်မြင်သွားတာ။ သူ့တိုင်းပြည်ဟာ အမှန်အတိုင်း ဆိုရင် ကျနော်တို့တိုင်းပြည်လို သယံဇာတတွေရှိတာ မဟုတ်ဘဲ၊ အတတ်ပညာကို ဦးစားပေးပြီးတော့ သယံဇာတပစ္စည်းတောင် မရှိတဲ့ တိုင်းပြည်က တကယ့်ချမ်းသာတဲ့ တိုင်းပြည်ဖြစ်အောင် လုပ်နိုင်တယ်ဆိုတဲ့ အရည်အချင်းဟာ နည်းတဲ့ အရည်အချင်းမှ မဟုတ်ပဲ။ သူတို့တိုင်းပြည် ကတော့ တကယ်ပြောရရင် တကယ့်လွတ်လပ်သော တိုင်းပြည်လို့လည်း မပြောနိုင်ဘူး။ တိုင်းပြည်ရဲ့ စနစ်တခုဆိုသည်မှာ ဘယ်လိုပဲရှိနေပါစေ၊ ဒီမိုကရေစီ ဟုတ်ချင်ဟုတ် မဟုတ်ချင်နေပေါ့ဗျာ။ ဒီမိုကရေစီမစစ်သော်လည်းပဲ တိုင်းပြည်ကို ထူထောင်မှုရနိုင်တယ်၊ အောင်မြင်အောင်လုပ်နိုင်တယ်ဆိုတာ သူ့ရဲ့ နမူနာပေါ့။ သူတို့ တိုင်းပြည်မှာ ပါတီတခုထဲက ကြီးစိုးထားတာပဲရှိတာပေါ့။ ဒါပေမယ့် လုပ်ပိုင်ခွင့်တွေကျတော့ လုပ်လို့ရတယ်။ ကျနော်တို့ တိုင်းပြည်က ကျတော့ အာဏာရှင်ဆိုတာ နေရာတကာပေါ့ဗျာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကုန်လုံးကိုလွှမ်းမိုးပြီးတော့ လုပ်တာကို။ အာဏာရှင်ဆိုသော်လည်းပဲ တိုင်းပြည်နဲ့ လူထုရဲ့ အကျိုးကိုဆောင်သော အာဏာရှင်နဲ့ ကိုယ့်အတွက် ကိုယ်ဆောင်သော အာဏာရှင် ကွာခြားချက်ရှိတာပေါ့။”

ဝါရင့် သတင်းစာဆရာ ဖိုးသောကြာ (ခေတ်/မိုး)
“ကျနော်မှီတာပြောရရင် မာလာယုကျွန်းဆွယ်လို့ ခေါ်တဲ့ မလေးကျွန်းဆွယ်ပေါ့ဗျာ၊ ဗြိတိသျှကိုလိုနီ အဖြစ်ကနေ စွန့်လွှတ်တဲ့အချိန်မှာ စင်ကာပူဟာ တွဲလျက်ပါလာတယ်။ မလေးနဲ့ စင်ကာပူကို ဗြိတိသျှက တပြိုက်နက် လွတ်လပ်ခွင့်ပေးလိုက်တာ။ လွတ်လပ်ခွင့်ရပြီးနောက်မှာ စင်ကာပူဟာ မလေးနဲ့ မပေါင်းနိုင်ပါဘူးဆိုပြီး သီးခြားနိုင်ငံ လိုချင်ပါတယ်ဆိုပြီး ချက်ချင်း ထတောင်းတာ လီကွမ်ယုပဲ။ ကျနော်ထင်ပါတယ် ကမ္ဘာပေါ်မှာ အင်မတန်ရှားပါးတဲ့ နိုင်ငံရေးသမား တယောက်ပဲ။ လီကွမ်ယုကို ကျနော်က နိုင်ငံတော်ကို ကောင်းစွာအုပ်ချုပ်နိုင်သော နိုင်ငံရေးသမား တယောက်လို့ မြင်တယ်။ ကျနော်ကိုယ်နှိုက် လီကွမ်ယုကို သိပ်အားကျတာ၊ ဗမာပြည်ရဲ့ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ အားကျတာ။”

စာရေးဆရာ မသီတာ (စမ်းချောင်း)
“လီကွမ်ယုက စင်ကာပူရဲ့ သမိုင်းတလျောက်မှာ သူ့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အများကြီး လုပ်ခဲ့တယ်ဆိုတာတော့ ရှိတာပေါ့။ ခေါင်းဆောင်ကောင်း တစ်ယောက်လို့တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် တဖက်မှာလည်း အာဏာရှင်တယောက်လိုပဲ ပြုမူခဲ့တာတွေလည်း အများကြီးရှိတယ်။ အင်မတန်သေးငယ်တဲ့ နိုင်ငံလေးမှာ စုစည်းဖို့ သူအားထုတ်ခဲ့တာတွေဟာ အရေးလဲပါ? ကောင်းလည်းကောင်းခဲ့ပါတယ်။ တဖက်မှာ ပြန်ကြည့်ရင် သူလုပ်ခဲ့တဲ့ အလုပ်တွေထဲမှာ အာဏာရှင်ဆန်တဲ့ အပြုအမူတွေပေါ့၊ နောက်တခုက Dynasty သဘောမျိုး သူ့ရဲ့မျိုးဆက်ကိုပဲနေရာပေးတယ်။ အတိုက်အခံတွေကို နည်းပေါင်းစုံနဲ့ နေရာမရအောင် ကြိုးစားပြီး လုပ်ခဲ့တာတွေလည်းရှိတဲ့ အခါကျတော့ ကျမအတွက်တော့ နည်းနည်းလေး အငြင်းပွားဖွယ်ရာဖြစ်တဲ့ ခေါင်းဆောင်တစ်ယောက်လို့ မြင်ပါတယ်။”

ဦးဟံသာမြင့် ( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
“ကျနော့်အနေနဲ့ကတော့ လီကွမ်ယုကို သိပ်မကြိုက်ဘူးလို့ ပြောလို့ပြောရမှာပေါ့။ တိုင်းပြည်အတွက် ကောင်းအောင်လုပ်ခဲ့တာတွေ မှန်ပါတယ်။ သူဟာ တချိန်တုန်းက သူနဲ့အတူ လုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နှိပ်ကွပ်ဖို့ သိပ်ဝန်မလေးဘူး။ အဲဒါတွေကတော့ သူ့ကို ပုဂ္ဂိုလ် တယောက်အနေနဲ့ သိပ်မလေးစားပါဘူး။ တိုင်းပြည်ခေါင်းဆောင်အနေနဲ့ ဆောင်ရွက်ခဲ့ တာတွေ အများကြီးအတွက်တော့ လေးစားပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013