
ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ နယ်ပယ်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်နေကြပြီး ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက်လည်း လက်တွဲဆောင်ရွက်နေတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို ပြောကြားခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA က ဩဂုတ် ၁၅ ရက်မှာ ဖော်ပြပါတယ်။
ဂျပန်ကိုလိုနီအုပ်ချုပ်မှုအောက်ကနေ ကိုရီးယားလွတ်မြောက်ခဲ့တဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ကင်မ်ဂျုံအန်းဆီ ပို့လိုက်တဲ့ သဝဏ်လွှာမှာ ပူတင်က ၂ နိုင်ငံ ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ပိုမိုတရားမျှတပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ကမ္ဘာ့အစဉ်အလာသစ် ထူထောင်နိုင်ဖို့အတွက် ၂ နိုင်ငံအရေးနဲ့ နိုင်ငံတကာအရေး ကိစ္စတွေမှာ "အကျိုးရှိမဲ့ ပူးတွဲလုပ်ဆောင်မှုတွေ"အမြဲတမ်းလိုလို ဆက်လုပ်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့တယ်လို့ KCNA က ဆိုပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်ရာမှာ မြောက်ကိုရီးယား ဒုံးကျည်တွေကို အသုံးပြုနေတယ်လို့ အကြိမ်ကြိမ်ပြောထားသလို ပြုံယမ်းဟာ မော်စကိုဆီ ဒုံးကျည်တွေ၊ ခဲယမ်းတွေ ထောက်ပံ့ပေးနေပြီးတော့ စစ်ပွဲအတွက် စစ်ကူတွေ ထပ်ပို့ပေးဖို့ ကတိပြု ထားတယ်လို့လည်း စွပ်စွဲထားပါတယ်။
လေ့လာသုံးသပ်သူတွေကတော့ ပြုံယမ်းဟာ သူတို့ရဲ့ လက်နက်အစီအစဉ်တွေကို တရားမျှတ ကြောင်း အကြောင်းပြဖို့နဲ့ ပေကျင်း၊ မော်စကိုတို့ဆီက ထောက်ခံမှု ပိုရလာဖို့အတွက် အရှေ့မြောက် အာရှဒေသကို ပြိုင်ဘက် အုပ်စု ၂ ခုကြား ယှဉ်ပြိုင်ပွဲ ပုံစံမျိုး ပုံဖော်ဖို့ ကြိုးစားနေတာလို့ သုံးသပ် ကြပါတယ်။
Source: Reuters











