
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အနောက်တောင်ခြမ်းမှာရှိတဲ့ လှေတင်ဦးရွာကို စစ်အာဏာရှင်တပ်က ဩဂုတ် ၁၉ ရက် ည ၇ နာရီကျော်က စတင်ပြီး လေကြောင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြောင်မြို့နယ် ဒေသခံတယောက်က “အခုလောလောဆယ် မျက်မြင်ကတော့ တဦး ပွဲချင်းပြီး သေဆုံးပြီး အတော်များများ ဒဏ်ရာရရှိတာတွေလည်း ရှိနေတယ်။ သေဆုံးထိခိုက်သူ အတိအကျတော့ အခုလောလောဆယ် ဘာမှ ပြောလို့မရသေးဘူး။ ကျနော်တို့လည်း ရွာကနေ ကြောက်လန့်ပြီး ရွာအပြင်ကို ထွက်ပြေးခဲ့ရတာဗျ။ ရွာအလယ်ခေါင်ကို ကြဲချသွားတာဗျ။ ပထမတစင်းက ဗုံးသီးတလုံး၊ ဒုတိယအစီးက ဗုံးသီး ၂ လုံးနဲ့ နောက်ဆုံး တတိယအစင်းက ဗုံးသီး ၃ လုံး ကြဲချသွားတာ။ စုစုပေါင်း ဗုံးသီး ၆ လုံး ကြဲချသွားတာ။ လူနေအိမ် ပျက်စီးတာတွေလည်း ရှိပါတယ်။ အတိအကျတော့ ဘာမှပြောလို့မရသေးဘူး” လို့ ပြောပါတယ်။
လှေတင်ဦးရွာဟာ မြောင်မြို့ရဲ့ အနောက်တောင်ဘက်မှာ တည်ရှိတဲ့ ကူးတို့ကုန်းရွာရဲ့ အနောက်ဘက် ကပ်လျက်ရှိတဲ့ ကျေးရွာဖြစ်သလို မြောင်မြို့နဲ့ တမိုင်မျှသာဝေးကွာပြီး လူနေအိမ် ၇၀၀ ခန့်ရှိတဲ့ ကျေးရွာ ဖြစ်ပါတယ်။
အဆိုပါ ဂျက်ဖိုက်တာ ၃ စင်းဟာ တံတားဦးလေတပ်ကနေ ပျံတက်လာပြီး အခုလို မြောင်မြို့နယ် လှေတင်ဦးရွာကို ဗုံးကြဲချသွားတာလို့လည်း သိရပါတယ်။
မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုနွေဦးက “လှေတင်ဦးရွာကို ကြဲချသွားတာပါ။ အထိအခိုက် များတယ်ဗျ။ အတိအကျတော့ ညတွင်းချင်း မရနိုင်သေးဘူးဗျ” လို့ DVB ကို ပြောပါတယ်။
ဩဂုတ် ၁၇ ရက် က မြောင်မြို့ ရဲစခန်းက ၂ ပွင့်ဗိုလ် ဇော်ကြီး ဆိုသူကို ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပြီးနောက် စစ်အာဏာရှင်တပ်က လက်တုံ့ပြန်တဲ့အနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ နေထိုင်တဲ့ လှေတင်ဦးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။











