DVB Logo
Home
Lead Story
မေတ္တာမပေးတော့ဘူးလား သမ္မတကြီးခင်ဗျား
DVB
·
March 22, 2015
မေတ္တာမပေးတော့ဘူးလား သမ္မတကြီးခင်ဗျား
Donate to DVB

မနေ့က အားလပ်ရက်ကလေး အနားယူပြီး ရုပ်သံအစီအစဉ်တွေ လျှောက်ကြည့်ဖြစ်တယ်။ အမှတ်မထင် "တဦးကစေတနာ၊ တဦးကမေတ္တာ" ဆိုတဲ့ ရုပ်ရှင်ကားလေးကို ပြန်ကြည့်ခွင့်ရခဲ့တယ်။ ကျနော် အလွန်ကြိုက်တဲ့ ဆရာကြီး ဦးသုခ လက်ရာ။ မင်းသားကြီး ကောလိပ်ဂျင်နေဝင်း၊ ကျော်ဟိန်းတို့ အဓိက ဇာတ်ကောင် နေရာကနေပြီး တကားလုံးကို ဝုန်းဒိုင်းကြဲသလို နှလုံးသားကို ဆွဲလှုပ်သွားခဲ့တဲ့ ဇာတ်ကားလေးပါ။ ကျနော် ဒီရုပ်ရှင်ကို ကြည့်မိတာ ဘယ်နှကြိမ်မြောက်လည်း မသိတော့ဘူး။ ကြည့်မိတိုင်းလည်း ဆရာကြီး ဦးသုခရဲ့ စေတနာဟာ အမျိုးမျိုးသော ရောင်ပြန်ဟပ်မှုများကို ထုတ်ပေးနေတယ်ဆိုတာ ခံစားရပါတယ်။

ဒီဇာတ်ကားဟာ ကျောင်းဆရာအိုတစ်ယောက်နဲ့ ပျက်စီးပြီး လမ်းမှားရောက်ခါနီး လူငယ်တစ်ယောက်ကို အဓိက ဇာတ်လမ်းဆင်ထားတာ။ ဇာတ်ကားရဲ့ အဓိက ဦးတည်ချက်ဟာ "တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမည်" ဆိုတဲ့ စကားပါပဲ။

လောကကို အရွဲ့တိုက်ပြီး ဖြစ်ချင်တာတွေမဖြစ်ရင် ဖြစ်ချင်ရာဖြစ်လို့ သဘောထားပြီး အရက်သမားတစ်ယောက်ဖြစ်ခဲ့ရတဲ့ ကျောင်းဆရာတစ်ယောက်နဲ့၊ အထင်မှား၊ အမြင်မှားပြီး ထောင်ထဲရောက်သွားခဲ့ရကာ ထောင်ကလွတ်လာပေမယ့် လမ်းမှားကို တိမ်းသွားတဲ့ လူငယ်တစ်ယောက်တွေ့လိုက်တဲ့အခါမှာ အလွန်လှတဲ့ ဇာတ်လမ်းတပုဒ်ဖြစ်လာခဲ့ရပါတယ်။

ကျနော်တို့နိုင်ငံမှာ လူငယ်တွေ လမ်းလွဲရောက်သွားရင် ပြုပြင်ပေးချင်တဲ့သူတွေ အလွန်ရှားပါတယ်။ ပထမဆုံး မိဘတွေကိုယ်တိုင်က နေ့စဉ်သောကတောမှာ နစ်မြောနေကြရတာဆိုတော့ သားသမီးအပေါ် ပြန်ပြီး မကြည့်နိုင်ကြတာကလည်း သတိထားစရာ ကိစ္စတွေဖြစ်လာပါတယ်။ ချမ်းသာတဲ့ မိဘတွေအတွက်ကတော့ သားသမီးတွေမှာ ပြဿနာနည်းမှာပေါ့။ ဆင်းရဲပြီး မရှိတဲ့ လူငယ်တွေဘဝဟာ ဖြစ်ချင်တာတွေ မဖြစ်လာရင် ဖြစ်ချင်ရာ ဖြစ်စမ်းကွာဆိုတဲ့ သဘောမျိုးတွေ ဝင်လာတတ်ပါတယ်။

ရုပ်ရှင်ထဲမှာမို့ တကယ်ဖြစ်ချင် တကယ်လုပ်ပြီး အဟုတ်ဖြစ်ခဲ့တာပေါ့။ အပြင်မှာ ဖြစ်ချင်လို့ လုပ်ချင်ပေမယ့် မလုပ်နိုင်တာတွေ၊ ဘာလုပ်ရမှန်းမသိတာတွေ အများကြီးပဲ။ တကယ်ဖြစ်ချင်လို့ တကယ်လုပ်ပြီး အဟုတ်ဖြစ် ခဲ့တဲ့သူတွေ ရှိပေမယ့် ရှားလိမ့်မယ်။ ၁၀၀ မှာ တစ်ယောက်၊ ၁၀⁠၀၀ မှာ တစ်ယောက်၊ တစ်သောင်းမှာ တစ်ယောက် ထွက်ဖို့လည်း ခက်ပေလိမ့်မယ်။

ကျနော်တို့ လူငယ်တွေဘဝကို မြှင့်တင်ဖို့ဆိုတာ ပညာရေးကောင်းအောင်လုပ်ပြီး၊ ဘဝအာမခံချက်ပေးနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ပဲ။ စင်ကာပူနိုင်ငံကို စံထားပြီး လေ့လာကြည့်ရင် အများကြီး အတု ယူစရာတွေရှိတယ်။ တိုင်းပြည်ခေါင်းဆောင်တွေကိုယ်တိုင်က လူငယ်တွေကို အလေးထားတယ်။ လူငယ်နဲ့ အနာဂတ်ကို ပုံဖော်ဖို့ သတ်မှတ်ထားတယ်။ လူငယ်တွေကို ပညာတ⁠တ်အောင်သင်ခိုင်းတယ်။ သင်ပေးတဲ့ ပညာကလည်း ကျွန်ဖြစ်စေတဲ့ ပညာရေးမဟုတ်ဘူး။ နိုင်ငံတကာမှာ သခင်ဖြစ်စေတဲ့ လက်မထောင်နိုင်တဲ့ ပညာရေး မျိုးကို အကွက်ချပေးတယ်။ အဲဒါက စင်ကာပူနိုင်ငံပါ။

ဘီ⁠ဘီစီသတင်းဌာနနဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံပွဲမှာ ကျောင်းသားတွေကို နိုင်ငံတကာစံအတိုင်း လုပ်တာ၊ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်တာ၊ သူတို့ခဲနဲ့ပေါက်လို့ ပြန်ရိုက်တာလို့ သမ္မတ⁠တစ်ယောက်ဖြစ်ပြီး လမ်းဘေးက စကားအဆင့်နဲ့ ပြောလိုက်တာ အလွန်ကြေကွဲဝမ်းနည်းရပါတယ်။ သမ္မတဟာ သူ့ဘေးကလူတွေရဲ့ ပြောစကား အတိုင်း ရိုက်တော့ ဘာဖြစ်သလဲဆိုတဲ့ စကားမျိုးပြောလိုက်တာပါ။ ဒါဟာ "မိဘပြည်သူများခင်ဗျား" ဆိုပြီးတော့ လစဉ်ခေါ်ဖို့တောင် မထိုက်တဲ့ စကားမျိုးပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်လူငယ်တွေကို ရင်ဝယ်သား ကဲ့သို့ မစောင့်ရှောက်နိုင်ဘူး၊ တဖက်သတ်အပြောနဲ့ ပါးကိုက်ရင် နားပြန်ကိုက်မှာပဲလို့ ပြောလိုက်တဲ့ အတွက် လည်း စိတ်မကောင်းဖြစ်ရပါတယ်။ သမ္မတဘေးနားကလူတွေ သမ္မတကြီးကို ကျောင်းသားတယောက်ကို ရဲ အယောက် ၂၀ လောက်က ဝိုင်းရိုက်တဲ့ ဗွီဒီယိုမှတ်တမ်းတွေကို ပြသင့်ပါတယ်။ ဒါဆိုရင် တဖတ်ပိတ်အမြင်နဲ့ သမ္မတကြီး ဒီစကားမျိုးပြောချင်မှ ပြောပါလိမ့်မယ်။

သမ္မတကြီးခင်ဗျား "တဦးကစေတနာ၊ တဦးကမေတ္တာ" ဆိုတဲ့ ဇာတ်ကားလေးကို မကြည့်ဖြစ်ရင်တောင် ဗုဒ္ဓဘာသာတဦးအနေနဲ့ ဒီစာသားလေးလောက်ကိုတော့ ဆင်ခြင်သင့်ပါတယ်။ သမ္မတကြီး မေတ္တာပေးရင် မေတ္တာပြန်ရပါလိမ့်မယ်။ တုတ်ပေးရင်တော့ တုတ်ပဲ ပြန်ရပါလိမ့်မယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013