DVB Logo
Home
နိုင်ငံတကာ
ဘိုလီးဗီးယားတွင် ပညာရေး၊ အလုပ်သမားအရေးနှင့် မြေယာအခွင့်အရေးအတွက် ဆန္ဒပြ
DVB
·
May 7, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဘိုလီးဗီးယားနိုင်ငံ၊ လာပက်ဇ်မြို့တော်မှာ မေ ၆ ရက်က စီစဉ်ထားပြီးသား အစိုးရနဲ့ ဆွေးနွေးပွဲ မစခင်မှာ ဆန္ဒပြအဖွဲ့ ၃ ဖွဲ့ လမ်းပေါ်ထွက်လာခဲ့ပြီး သမ္မတနန်းတော်နားမှာ ရဲတွေနဲ့ ဆရာ၊ ဆရာမတွေ ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

ဘိုလီးဗီးယားမှာ အလုပ်သမားရေး၊ ပညာရေးနဲ့ မြေယာပြုပြင်ပြောင်းလဲရေးကိစ္စတွေကြောင့် လူမှုမတည်ငြိမ်မှု ပိုတိုးလာနေတာကို မီးမောင်းထိုးပြနေပါတယ်။ 

ဆရာ၊ ဆရာမတွေဟာ လုပ်ခလစာ တိုးမြှင့်ပေးဖို့၊ ပညာရေးစီမံခန့်ခွဲမှု ဗဟိုချုပ်ကိုင်မှု လျှော့ချတာကို လက်မခံဖို့နဲ့ ဆရာအလုပ်အကိုင်နေရာတွေ သတ်မှတ်ပေးဖို့ တောင်းဆိုထားကြပြီး နယ်ဒေသတွေက ဆရာတွေ ရောက်လာတာနဲ့အမျှ ဆန္ဒပြပွဲကို ပိုအားဖြည့်သွားမယ်လို့ ကြေညာထားပါတယ်။

ဆန္ဒပြသူတွေက ရဲတွေကို ခရမ်းချဉ်သီးတွေ၊ ဗြောက်အိုးတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဘိုလီးဗီးယားရဲ့ အဓိက အလုပ်သမားအဖွဲ့ချုပ် (COB) ကလည်း အကန့်အသတ်မရှိ သပိတ်မှောက်ဖို့ အမိန့်ကို ဆက်လက် ဆုပ်ကိုင်ထားပြီး အလုပ်သမားဝန်ကြီးဌာနကို အထိမ်းအမှတ်အနေနဲ့ ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။

အလုပ်သမားခေါင်းဆောင်တွေက အလုပ်သမားဝန်ကြီးကို ဝန်ကြီးအဖြစ် အသိအမှတ်မပြုတော့ဘူးလို့လည်း ပြောဆိုခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ဘိုလီးဗီးယားက ဌာနေတိုင်းရင်းသားတွေနဲ့ လယ်သမားအသိုက်အဝန်းတွေဟာ ၂၉ ရက်ကြာ ကီလိုမီတာ ၁,၁၀၀ ကျော်ကို ခြေကျင်လျှောက်လာခဲ့ကြပြီးနောက် လာပက်ဇ်မြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။

သူတို့ဟာ ဥပဒေအမှတ် ၁၇၂၀ ကို ပယ်ဖျက်ပေးဖို့ ဒုသမ္မတရုံးအပြင်ဘက်မှာ ဆန္ဒပြနေကြတာပါ။ အမေဇုန်ဒေသပန်ဒိုက တိုင်းရင်းသားအဖွဲ့တွေက ဒီဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိခိုက်စေပြီး မြေယာလက်ဝါးကြီးအုပ်မှုကို အားပေးသလို စုပေါင်းမြေယာပိုင်ဆိုင်ခွင့်တွေကိုလည်း အန္တရာယ်ဖြစ်စေတယ်လို့ ငြင်းဆိုထားပါတယ်။

အစိုးရဘက်ကတော့ ဒီဥပဒေဟာ အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေရရှိဖို့ ရည်ရွယ်တာလို့ ပြောထားပေမဲ့ လယ်သမားနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကတော့ ဒီဥပဒေဟာ စီးပွားရေးသမားတွေကိုပဲ မျက်နှာသာပေးပြီး သစ်တောပြုန်းတီးမှုကို အားပေးတယ်လို့ ယူဆနေကြပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီး ဖာနန်ဒို အရမ်မာယိုကတော့ ဒီဆန္ဒပြပွဲတွေဟာ အစိုးရကို မတည်မငြိမ်ဖြစ်အောင် ကြိုးပမ်းမှုဖြစ်ပြီး အစိုးရအနေနဲ့ ဆွေးနွေးဖို့ နည်းလမ်းအားလုံးကို ကုန်စင်အောင် သုံးခဲ့ပြီးပြီလို့ နိုင်ငံတကာသတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO) တချို့က ဆူပူအောင် လှုံ့ဆော်နေကြပြီး အလုပ်သမားခေါင်းဆောင်တချို့ကလည်း ဆယ်စုနှစ် ၂ ခုစာ ဩဇာလွှမ်းမိုးခဲ့ပြီးမှ ဆုံးရှုံးသွားတဲ့ နိုင်ငံရေးအခြေအနေကို ပြန်ရဖို့ ကြိုးစားနေကြတာလို့လည်း ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013