
တရုတ်လေယာဉ်တင်သင်္ဘော လျောင်နင်းရဲ့ အထူးတပ်ဖွဲ့က ကမ်းဝေး ပင်လယ်ပြင် တိုက်ခိုက်ရေး လေ့ကျင့်ခန်းကို အဆုံးသတ်ခဲ့ပြီး တနင်္လာနေ့မှာ နေရပ်ဆိပ်ကမ်းဆီ ဘေးကင်းကင်း ပြန်လာခဲ့တယ်လို့ တရုတ်ရေတပ်က ပြောပါတယ်။
လေ့ကျင့်ခန်းအတွင်း အထူးတပ်ဖွဲ့ဟာ တောင်တရုတ်ပင်လယ်နဲ့ အနောက်ပစိဖိတ်ဒေသ အပါအဝင် ပင်လယ်ပြင်နဲ့ ဝေဟင်နေရာ အများအပြားမှာ လှုပ်ရှားခဲ့ပြီး လေယာဉ်တင်သင်္ဘောအခြေစိုက် လေယာဉ် နည်းဗျူဟာမြောက် ပျံသန်းလေ့ကျင့်ခန်းတွေ၊ အထူးတပ်ဖွဲ့ရဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လေ့ကျင့်ခန်းတွေလို လှုပ်ရှားမှုတွေကို စီစဉ်ခဲ့ပါတယ်။
ကမ်းဝေး ပင်လယ်ပြင်အတွင်း လက်တွေ့တိုက်ပွဲတွေရဲ့ လိုအပ်ချက်တွေအပေါ် အခြေခံပြီး လေကြောင်းအသာစီးရမှုနဲ့ လေကြောင်းကာကွယ်ရေး စစ်ဆင်ရေးတွေ၊ ပင်လယ်မှာ တိုက်ခိုက်မှုတွေ၊ ပံ့ပိုးမှုနဲ့ အကာအကွယ်စစ်ဆင်ရေးတွေ၊ ကမ်းဝေးပင်လယ်ပြင်မှာ ပြည့်စုံတဲ့ ကယ်ဆယ်ရေးနဲ့ လက်နက်အသုံးပြုမှု အပါအဝင် လေ့ကျင့်ခန်းတွေကို စီစဉ်ခဲ့တယ်လို့ တရုတ်မီဒီယာ CNS က ကြေညာပါတယ်။
ဒီလေ့ကျင့်မှုဟာ သက်ဆိုင်ရာ နိုင်ငံတကာဥပဒေနဲ့ အလေ့အကျင့်တွေကို လိုက်နာပြီး ဘယ်နိုင်ငံကိုမှ မရည်ရွယ်ဘူးလို့လည်း ထပ်ပြောပါတယ်။
လေ့ကျင့်မှုအတွင်း ဂျပန်သင်္ဘောတွေနဲ့ လေယာဉ်တွေက အနီးကပ် ခြေရာခံ စောင့်ကြည့်တာတွေ အကြိမ်ကြိမ်လုပ်ခဲ့ပြီး အနှောင့်အယှက်တွေနဲ့ ရန်လိုတာတွေ ဖြစ်ခဲ့တယ်လို့ တရုတ်ရေတပ်က ပြောခဲ့ပါတယ်။
Source: Reuters










