
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲက ကျေးရွာတွေကို ဧပြီ ၅ ရက်မှာ စစ်တပ်က တရက်တည်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့သလို လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီ ပြန်ကြားရေးတာဝန်ခံက “မနက် ၈ နာရီခွဲလောက်မှာ အောင်သာရွာကနေ ထွက်လာတဲ့ စစ်ကြောင်းက ရွှေစမ်းချောင်းရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာက အသက် ၅၈ နှစ်နဲ့ အသက် ၆၀ အရွယ် ရွာခံအမျိုးသမီး ၂ ယောက် သေဆုံးသွားခဲ့ပြီးတော့ ဒဏ်ရာရသူတွေ ရှိတယ်။ အိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့သေးတယ်။ နွား ၂ ကောင်လည်း သေတယ်။ နောက်ပြီး ကျောက်ပုံရွာနဲ့ မဲတောရွာတွေကိုလည်း ဒရုန်းနဲ့ ဗုံးကြဲသွားသေးလို့ ပြည်သူတချို့ ထိခိုက်ခဲ့ကြသေးတယ်” လို့ ပြောပါတယ်။
ညနေ ၃ နာရီကလည်း စစ်တပ်ရဲ့ ပါရာမော်တာ ၂ စီးက ပန်းပေါင်းကျေးရွာကို ဗုံးတွေ ကြဲချခဲ့တာကြောင့် ပြည်သူထိခိုက်မှု မရှိပေမဲ့ လူနေအိမ် ၄ လုံးထက်မနည်း ပျက်စီးသွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အခုရက်ပိုင်း စစ်တပ်လက်အောက်ခံ မြေပြင်စစ်ကြောင်းတွေဟာ တောင်သာမြို့နယ်ထဲကို စစ်သားအင်အားတွေ ဖြန့်ကြက် ဝင်ရောက်နေတာ ဖြစ်သလို လေကြောင်းတိုက်ခိုက်တာတွေကို ဧပြီ ၄ ရက်ကစလို့ ဆက်တိုက်ပြုလုပ်နေတာလို့လည်း ဆိုပါတယ်။
တောင်သာမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အင်အား ၈၀ လောက်နဲ့ အောင်သာရွာဘက်က ထွက်လာတဲ့ စစ်ကြောင်းက တောင်သာ-ရုံးစည်ကြီး လမ်းပိုင်းပေါ်မှာ ကင်းပုန်းတွေ ချထားတယ်။ အောင်သာ၊ ရွှေမန်း၊ ပန်းပေါင်းလမ်းဂိတ်တွေမှာလည်း ခြေကုပ်ယူထားတယ်။ ကျနော်တို့နဲ့ နေ့ပိုင်းမှာ တိုက်ပွဲငယ်လေးတွေ ဖြစ်ခဲ့တာရှိပြီး အခု ညဦးပိုင်းမှာတော့ စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေတယ်။ လေကြောင်း တိုက်ခိုက်တာတွေနဲ့ မြေပြင်စစ်ကြောင်းထိုးခံရတဲ့ ရွာတွေက ပြည်သူတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်” လို့ DVB ကို ပြောပါတယ်။
ဒေသခံပြည်သူတွေ အနေနဲ့လည်း အခုရက်ပိုင်းမှာ တောင်သာ-ရုံးစည်ကြီး လမ်းပိုင်းကို လုံးဝအသုံးမပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားတယ်လို့ သူက ဆက်ပြောပါတယ်။
အောင်သာကျေးရွာကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ တောင်သာမြို့နယ်ရဲ့ အရှေ့တောင်ဘက်ခြမ်းမှာ စစ်ကြောင်းထိုးခဲ့တဲ့ လမ်းတလျှောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ဂိတ်စခန်းတခု အပါအဝင် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြတယ်လို့ စစ်တပ်ထောက်ခံသူတွေက လူမှုကွန်ရက်တွေပေါ်မှာ ရေးသားဖော်ပြနေကြတာနဲ့ ပတ်သက်ပြီး မှန်ကန်မှုမရှိဘူးလို့လည်း တောင်သာမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာလည်း စစ်ကောင်စီတပ်က ဧပြီ ၅ ရက် ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတယောက် ဒဏ်ရာရသလို နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ဂျက်တိုက်လေယာဉ် ၃ စင်းနဲ့ အရာတော် အနောက်မြောက်ခြမ်းက ကျေးရွာတရွာကို ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး ရွာအတွင်းနဲ့ ရွာအပြင်တွေကို ကျရောက်ပေါက်ကွဲတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “လောလောဆယ် အရပ်သားတယောက် ထိတယ်၊ မစိုးရိမ်ရပါဘူး။ ကျေးရွာအပြင်ဘက်က ယာတောထဲကျတာက ယာလုပ်နေတဲ့ အရပ်သားတယောက် ထိတယ်။ ကျန်တာကတော့ ဘေးကင်းပါတယ်။ အရပ်သားနေအိမ် ပျက်စီးတာတော့ ၂ လုံးလောက် ရှိပါတယ်။ အရပ်သားက ခြေ ၂ ဖက်လုံး ဖြတ်လိုက်ရတယ်။ ဘယ်ရွာဆိုတာကိုတော့ တော်လှန်ရေးတပ်တွေက ပြောပြခွင့် ပိတ်ထားပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မရှိ၊ တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာလို့ ဆိုပါတယ်။ အရာတော်မြို့က ထွက်လာတဲ့ စစ်ကြောင်းဟာ အမှတ် ၃၆၉ အမြောက်တပ်နဲ့ ပျူစောထီးစခန်းကြားက ညောင်တူးကြီးရွာမှာ တပ်စွဲထားတာ ဖြစ်ပါတယ်။
Photo: တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီ










