
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ ဒေသတွင်းနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ ဖိတ်ခေါ်သွားမယ်လို့ မေ ၅ ရက်မှာ ပြောလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်ပတ်လောက်က နေပြည်တော်ကို သွားပြီး စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ တွေ့ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်ဟာ အာဆီယံနဲ့ စစ်အာဏာရှင် အစိုးရတို့ ပြန်ပြီး ထိတွေ့ဆက်ဆံဖို့ တွန်းအားပေးနေပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ်က “ဒါဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ အပြင်ဘက်ကမှာ သီးသန့်တွေ့မဲ့ အစည်းအဝေးတခု ဖြစ်လာမှာပါ”လို့ ရိုက်တာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
“အဲဒီမှာ မြန်မာဘက်က လက်ရှိအခြေအနေတွေနဲ့ သူတို့ ဘာတွေ ဆက်လုပ်ဖို့ရှိလဲဆိုတာကို ရှင်းပြလို့ရမယ်။ အဲဒီကနေမှတဆင့် ကျနော်တို့ နောက်ထပ် ဘာလုပ်မလဲဆိုတာကို တဆင့်ချင်း ဆွေးနွေးသွားမှာပါ” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာစစ်အာဏာရှင် ပြောရေးဆိုခွင့်ရှိသူဘက်ကတော့ တစုံတရာ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
အခုတပတ် ဖိလစ်ပိုင်မှာ ကျင်းပမဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဒီအစီအစဉ်ကို တခြား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးသွားမှာဖြစ်ပြီး “ကျနော်တို့ အာဆီယံအနေနဲ့ စုပေါင်းပြီး တခုခုတော့ လုပ်သင့်ပြီလို့ ယုံကြည်တယ်။ ဒါဟာ ထိုင်းနိုင်ငံကပဲ တဦးတည်း ဆုံးဖြတ်တာမျိုးတော့ မဟုတ်စေချင်ဘူး”လို့ သီဟဆတ်က ဆိုပါတယ်။
မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အာဆီယံက ချမှတ်ထားတဲ့ “ဘုံသဘောတူညီချက် ၅ ချက်” ဟာ ၅ နှစ်ကြာရှိလာပြီဖြစ်ပေမဲ့ စစ်အာဏာရှင်ဘက်က လိုက်နာဆောင်ရွက်တာ မရှိလို့ အကောင်အထည်ဖော်နိုင်ခြင်းမှရှိသလို မြန်မာပြည်က ပဋိပက္ခတွေကို မရပ်တန့်နိုင်ခဲ့ပါဘူး။
မြန်မာပြည်တွင်းစစ်ကြောင့် လူပေါင်း ၃ ဒသမ ၆ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အရပ်သား ၆,၈၀၀ ကျော် သေဆုံးခဲ့ကာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေလည်း ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်။
ဝန်ကြီး ဆီဟဆတ်က “အခြေအနေတွေ ကောင်းလာတာကို မြင်ချင်တယ်၊ ငြိမ်းချမ်းရေးရတာကို မြင်ချင်တယ်ဆိုရင် ကျနော်တို့ ဘာလုပ်နိုင်မလဲဆိုတာကို စဉ်းစားရတော့မယ်”လို့ ပြောပါတယ်။
ထိုင်းဘက်က ကြိုးစားနေပေမဲ့ မြန်မာစစ်အာဏာရှင်တပ်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေကတော့ ဆက်ပြင်းထန်နေဆဲဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တအိမ်မှာ ပြောင်းရွှေ့ အကျဉ်းချထားတာပဲ ရှိခဲ့ပါတယ်။
နေပြည်တော်ကို သွားခဲ့စဉ်က အသက် ၈၀ ကျော်အရွယ် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ သူ မတောင်းဆိုခဲ့ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ်က ပြောပါတယ်။
“ကျနော့်ရဲ့ အဓိကစိုးရိမ်စိတ်က သူ ကျန်းကျန်းမာမာရှိရဲ့လားဆိုတာ သိဖို့ပါပဲ။ ပြီးတော့ သူ့ကို အခုထက်ပိုကောင်းတဲ့ နေထိုင်မှုအခြေအနေမျိုးဆီ ပြောင်းရွှေ့ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။”
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက အာဆီယံအဖွဲ့ဟာ မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးအပါအဝင် အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာပါ။
ဒါပေမဲ့ ဒီနှစ်ဆန်းပိုင်းမှာ စစ်ကောင်စီက ကျင်းပတဲ့ ရွေးကောက်ပွဲမှာ စစ်တပ် ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့ပြီးနောက် ဧပြီ ၁၀ ရက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာရှင်အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး အာဏာကို ဆက်လက် ဆုပ်ကိုင်ထားလိုက်ပါတယ်။
Source: Reuters










