DVB Logo
Home
မြန်မာသတင်း
အစိုးရက ပြည်သူကို မလိမ်ညာရန် သူရဦးရွှေမန်း သတိပေး
DVB
·
March 20, 2015
အစိုးရက ပြည်သူကို မလိမ်ညာရန် သူရဦးရွှေမန်း သတိပေး
Donate to DVB

ရခိုင်ပြည်နယ်မှာ အောင်တံခွန်သင်္ဘောနစ်မြုပ်ပြီး လူတွေသေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ပြည်သူတွေကို လိမ်ညာပြောဆိုတာ မပြုလုပ်ဖို့  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွေမန်းက သတိပေးပြောကြားလိုက်ပါတယ်။

မတ်လ ၁၉ ရက်နေ့က ကျင်းပတဲ့  ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ   သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ပို့ဆောင်ရေး ဒုဝန်ကြီး ဦးဟန်စိန်က လာရောက်ရှင်းလင်းပြောဆိုခဲ့သလို ရခိုင်တိုင်းရင်းသား အမတ်တွေကလည်း ဝေဖန်ထောက်ပြဆွေးနွေးခဲ့ကြပြီးတဲ့နောက် လွှတ်တော်အကြီးအကဲက ပြောကြားလိုက်တာပါ။

သူရဦးရွှေမန်းက “ပြီးခဲ့တဲ့ အောင်တံခွန်နစ်မြုပ်ခြင်းကြောင့် အင်မတန်မှ တန်ကြေးရှိတဲ့ အသက်တွေဆုံးရှုံးသွားခဲ့ပြီ၊ ဒီလိုဆုံးရှုံးတာ ဖြစ်ရတာ ဘာကြောင့် အကြောင်းရင်း ဖော်ထုတ်နေတဲ့ ဒီလိုအချိန်အခါမျိုးမှာ အားလုံးတိတိကျကျမှန်မှန်ကန်ကန် ကိန်းဂဏန်း အချက်အလက်တွေ၊ သတင်းအချက်အလက်တွေ ရဖို့လိုပါတယ်။ ပြောမယ်ဆိုရင် လိမ်ညာပြောဆိုမှုတွေ မမှန်မကန်ပြောဆိုမှုတွေ ပြည်သူတွေမကြိုက်ဘူး၊ ရခိုင်တိုင်းရင်းသား တင်မဟုတ်ဘူး၊ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ်၊ ဘယ်လူမျိုးဖြစ်ဖြစ် လိမ်ညာပြောဆိုနေတဲ့ဟာကို ဘယ်သူမှ မကြိုက်ဘူး။ အဖြစ်မှန် ဖော်ထုတ်တဲ့အခါမှာ အဖြစ်မှန်ကိုရရှိအောင် ဆောင်ရွက်သွားဖို့ ဆိုတဲ့ဟာ ဒီနေ့ဆွေးနွေးတဲ့အခါမှာရရှိတဲ့ သင်ခန်းစာပဲဖြစ်ပါတယ်

ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်တွေကတော့ လူတွေရဲ့ အသက်ကို ဂရုမစိုက်ဘဲ ခရီးသည်တင်သင်္ဘာအဟောင်းနွမ်းတွေကို အနည်းငယ်ပြုပြင်ပြီး နှစ်ပေါင်းရှည်ကြာ အသုံးပြုနေမှု၊ ရေယာဉ်ပေါ်မှာ သင်္ဘောသားတွေက ၀န်ပိုတင်ဆောင်နေမှု၊  သင်္ဘော မထွက်ခင် စစ်ဆေးမှုတွေဆောင်ရွက်ဖို့ ပျက်ကွက်မှုနဲ့ အသက်ကယ်ပစ္စည်း ကိရိယာတွေ အလုံ အလောက်မရှိမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြဆွေးနွေးသွားခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက်က  အောင်တံခွန်-၃ သင်္ဘောဟာ  တောင်ကုတ်ကနေ စစ်တွေ အသွား မြေပုံမြို့  အရှေ့တောင်ဘက် ငပသုန်ကျေးရွာအနီးမှာ နစ်မြုပ်ခဲ့တာပါ။

အဆိုပါ သင်္ဘော နစ်မြုပ်ရတဲ့အကြောင်းရင်းနဲ့  ပတ်သက်ပြီး အစိုးရက ရာသီဥတုဆိုးရွားလို့ သင်္ဘောဦးပိုင်းရေဝင်ကာ သင်္ဘောနစ်မြုပ်ရတာလို့ သတင်းထုတ်ပြန်တဲ့အပေါ် ရခိုင်တိုင်းရင်းသားအမတ်တွေက  မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒီဖြစ်စဉ်မှာ ခရီးသည် ၁၆၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး မတ် ၁၇ ရက် စာရင်းအရ အမျိုးသား၊ အမျိုးသမီး ၆၁ ဦးရဲ့ ရုပ်အလောင်းတွေ ဆယ်ယူရရှိခဲ့တယ်လို့ အစိုးရက နောက်ဆုံး ထုတ်ပြန်ထားပေမယ့် သေဆုံးသူအရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြတာပါ။

အမျိုးသားလွှတ်တော်မှာလည်း မနေ့က ဒီကိစ္စဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းတင်က သင်္ဘောနစ်မြုပ်မှုကြောင့် အသက်တွေ သေဆုံးခဲ့ရမှုအတွက် ၀မ်းနည်းကြောင်းနဲ့ လျော်ကြေးပေးဖို့ကိစ္စတွေ ဆောင်ရွက်ဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း အရေးအကြီး အဆိုတင်သွင်းခဲ့ပြီး  လွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013