DVB Logo
Home
မြန်မာသတင်း
ဇိုတုန်ဒေသန္တရအစိုးရကို အသိမပေးဘဲ လုပ်ငန်းများမလုပ်ဆောင်ရန် ထုတ်ပြန် 
DVB
·
November 5, 2026
Photo: ဇိုတုန်ကောင်စီ
Photo: ဇိုတုန်ကောင်စီ
Donate to DVB

ချင်းပြည်နယ်၊ ဇိုတုန်ဒေသအတွင်း ကဏ္ဍအသီးသီးမှာ ဇိုတုန်ဒေသန္တရကောင်စီကို အသိပေး ညှိနှိုင်းတာမျိုး မရှိဘဲ လုပ်ငန်းဆောင်ရွက်ချက်အားလုံးကို ခွင့်ပြုမှာ မဟုတ်သလို ဆန့်ကျင် သွားမယ်လို့ ဇိုတုန်ဒေသန္တရကောင်စီက နိုဝင်ဘာလ ၄ ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

ဇိုတုန်ဒေသန္တရအစိုးရဟာ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ အာဏာခွဲဝေမှု ဇယားအရသော်လည်းကောင်း ဇိုတုန်ဒေသအတွင်းကဏ္ဍအသီးသီးကို စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ အစိုးရ တရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဇိုတုန်ဒေသန္တရကောင်စီကို အသိပေးညှိနှိုင်းခြင်း မရှိဘဲ လုပ်ငန်း ဆောင်ရွက်တာမျိုး မပြုလုပ်ကြဖို့နဲ့ ဒေသန္တရအစိုးရအုပ်ချုပ်နယ်မြေအတွင်း စီမံခန့်ခွဲမှုလုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက် နှောင့်ယှက် တဲ့ ဘယ်လုပ်ရပ်ကိုမဆို ဆန့်ကျင်ကာကွယ်သွားမယ်လို့ ဆိုပါတယ်။

ဇိုတုန်ဒေသန္တရကောင်စီအတွက် ၆ ကြိမ်မြောက် ပြည်သူ့ညီလာခံကို ကိုယ်စားလှယ် ၃၁၁ ယောက် တက်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၈ ကနေ ၃၀ ရက်အထိ ဇိုတုန်ဒေသ တနေရာမှာ ကျင်းပခဲ့ပါတယ်။

ဇိုတုန်ဒေသန္တရကောင်စီ တတိယသက်တမ်းအတွက် တာဝန်ထမ်းဆောင်ကြမဲ့ ကောင်စီဝင်တွေ ကိုလည်း ညီလာခံမှာ ရွေးချယ် တင်မြှောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇိုတုန်ဒေသဖြစ်တဲ့ မတူပီမြို့နယ်၊ ရေဇွာမြို့ကိုလည်း CDF – Zotung ပါဝင်တဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှာ သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ဒေသတွင်း အုပ်ချုပ်ရေးတွေကိုလည်း ဆက်လက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဇိုတုန်ဒေသအတွင်းမှာ ဇိုတုန်မျိုးနွယ်စုတွေ စည်းလုံးညီညွတ်မှု ပြိုကွဲစေတဲ့ လုပ်ဆောင်မှုတွေ ဆောင်ရွက်တာ၊ နေထိုင်ရာနယ်မြေတည်တံ့ခိုင်မြဲမှုကို ပျက်စီးစေတဲ့လုပ်ရပ် လုပ်ဆောင်တာ၊ တော်လှန်ရေးအားနည်းအောင်လုပ်ဆောင်တာ၊ စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန်နိုင်ဖို့ ပြည်သူ့တွေကို အုပ်ချုပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ နည်းမျိုးစုံသုံးပြီး ဖိအားပေး စည်းရုံးသိမ်းသွင်းတာ၊ စစ်အာဏာရှင် လုပ်ဆောင်ချက်တွေထဲ ပူးပေါင်းပါ၀င်တာ၊ အမျိုးသားရေးနဲ့ ပြည်သူ့အကျိုးစီးပွား ထိခိုက်တဲ့လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့ သတိပေးထားပါတယ်။

ဇိုတုန်ဒေသန္တကောင်စီကို စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောင်ရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးနဲ့ မိမိမျိုးနွယ်စုအရေးအတွက် ၂၀၂၂ ခုနှစ် ဇွန် ၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013