အိန္ဒိယမှာ လာမဲ့ ၁၀ စုနှစ်အတွင်း ဂျပန်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၁ ဘီလီယံကျော် ပြုလုပ်ဖို့ လိုတယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနဲ့အတူ ပြုလုပ်တဲ့ နယူးဒေလီရှိ စီးပွားရေးဖိုရမ်မှာ မိုဒီက ပြောခဲ့တာပါ။
အိန္ဒိယနဲ့ ဂျပန်တို့ဟာ AI နည်းပညာ၊ သတ္တု၊ စွမ်းအင်၊ ကာကွယ်ရေးနဲ့ စီးပွားရေးလုံခြုံမှုတွေကို အတူတကွဆောင်ရွက်ဖို့ သဘောတူညီခဲ့တာဖြစ်ပြီး ဒါဟာ အာရှနိုင်ငံတွေဟာ စီးပွားရေးအင်အား တိုးတက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုလို့ ရိုက်တာက ဖော်ပြပါတယ်။
ဂျပန်ဝန်ကြီးချုပ် တာကာအိချိက နိုင်ငံတကာမှာ ကိုယ်ပိုင်စီးပွားရေးကို ကာကွယ်မှုတွေ၊ လိုချင်တာကို ရယူဖို့ တခြားသူကို အကျပ်ကိုင်တာတွေ၊ ပထဝီနိုင်ငံရေးတွေ တိုးတက်လာတာက စိန်ခေါ်မှုတခုဖြစ်ကြောင်း ပြောပါတယ်။
ဒါ့ကြောင့် ဒေသတွင်း လုပ်ပိုင်ခွင့်အာဏာတွေ အားကောင်းအောင် မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ နိုင်ငံတွေ ခံနိုင်ရည်ရှိဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူတွေထဲမှာ ပါဝင်ပြီး မွမ်ဘိုင်းနဲ့ အာမဒါဘတ်မြို့တို့ကြား အမြန်ရထားပြေးဆွဲမှုလိုမျိုး အဓိက အဆောက်အအုံ ဆောက်လုပ်ရေးတွေ လုပ်နေပါတယ်။
ဒါ့အပြင် အိန္ဒိယ Yes ဘဏ်မှာ ရှယ်ယာ ၂၀ ရာခိုင်နှုန်း ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု အပါအဝင် ဂျပန်လုပ်ငန်းတွေဟာ အိန္ဒိယကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရထားပါတယ်။
ဂျပန်ဝန်ကြီးချုပ် တာကာအိချိဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ထိပ်သီးဆွေးနွေးပွဲတွေ ကျင်းပဖို့ အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီကို ဇူလိုင် ၁ ရက်နေ့ကတည်းက ရောက်ရှိနေတာပါ။
စီးပွားရေးဆိုင်ရာ လုံခြုံရေးနဲ့ တခြားနယ်ပယ်တွေမှာ အိန္ဒိယနဲ့ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကို တင်ပြဖို့ စီစဉ်ထားတယ်လို့ NHK ဂျပန်သတင်းမှာ ဖော်ပြပါတယ်။
၂ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ဦးတည်ချက်ကို ပြမဲ့ ပူးတွဲကြေညာချက်အပြင် စီးပွားရေး၊ လုံခြုံရေးနဲ့ ဉာဏ်ရည်တုဆိုင်ရာကိစ္စတွေ ပူးပေါင်းလုပ်ဆောင်ဖို့ကိုလည်း စီစဉ်ထားပါတယ်။
အိန္ဒိယမှာ စီးပွားရေးလုပ်ငန်းအသစ်တွေစဖို့ ယန်း ၂ ထရီလီယံကျော် ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ကြေညာဖို့ရှိတယ်လို့ NHK က သတင်းထုတ်ထားပါတယ်။











