
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်းကျေးရွာကို စစ်အာဏာရှင်တပ်က ဇွန် ၄ ရက် ည ၈ နာရီ ကျော်မှာ ဝင်ရောက် မီးရှို့ဖျက်ဆီးသွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) အဖွဲ့ကနေ သိရပါတယ်။
မနေ့ည ၈ နာရီ ၂၅ မိနစ်လောက်ကနေ စတင်မီးရှို့ခဲ့တာဖြစ်ပြီး နေအိမ်တွေ မီးလောင်ပျက်စီး ဆုံးရှုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ CDSOM အဖွဲ့တာဝန်ရှိသူ ကိုနွေဦး (မြောင်) က ပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ အင်အား ၁၀၀ လောက်နဲ့ မြင်းခြံမြို့ကနေ စတင် စစ်ကြောင်းထိုးလာကာ ဆင်ချောင်းရွာကို ဝင်ရောက် မီးရှို့သွားတာလို့ သိရပါတယ်။
မြင်ခြံဒေသခံ ရွာသားတယောက်က “အဲရွာက အခုအကြိမ်နဲ့ဆို ၃ ကြိမ်၊ ၄ ကြိမ်လောက် ရှိနေပြီ။ ရာသီဥတုကလည်းပူပြီး အခုညပိုင်း လေကလည်းတိုက်နေတော့ တရွာလုံးများလောင်မလား မသိဘူး။ စစ်ကြောင်းကလည်း ရွာထဲကမထွက်သေးတော့ မီးငြှိမ်းမဲ့ ရွာခံတွေလည်း ပြန်ဝင်လို့မရတဲ့ အခြေအနေပါ” လို့ ပြောပါတယ်။
ဆင်ချောင်းရွာကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကလည်း စစ်တပ်က ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူခဲ့ကာ ညပိုင်းမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။
အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ ဆင်ချောင်းရွာဟာ မြင်းခြံမြို့နဲ့ ၁၅ မိုင်လောက်သာ ဝေးကွာပြီး ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။










