DVB Logo
Home
ရွေးကောက်ပွဲ
ရန်ကုန်မြို့နယ်တချို့တွင် မဲဆန္ဒရှင်စာရင်းကြေညာမည်
DVB
·
March 19, 2015
ရန်ကုန်မြို့နယ်တချို့တွင် မဲဆန္ဒရှင်စာရင်းကြေညာမည်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၀ မြို့နယ်မှာ အခြေခံမဲဆန္ဒရှင် စာရင်းတွေ မတ်လကုန်ပိုင်းက စတင်ပြီး သီတင်း ၂ ပတ်ကြာ ကြေညာမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။

မတ်လ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ၂၀၀၅ အထွေထွေ ရွေးကောက်ပွဲအတွက် အသိပေးကြေညာချက်မှာ  ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒေါပုံ၊ ဆိပ်ကြီး ခနောင်တို၊ ဆိပ်ကမ်း၊ ဒဂုံ၊ လသာ၊ ကျောက်တံတား၊ လမ်းမတော်နဲ့ ကမာရွက်မြို့နယ်တွေမှာ  အခြေခံ မဲဆန္ဒရှင်စာရင်းတွေကို ရပ်ကွက်ကော်မရှင် ရုံးတွေမှာ မတ် ၃၀ ရက်ကနေ ဧပြီ ၁၂ ရက်အထိ ကပ်ထားမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အတိအကျထုတ်ပြန်ကြေညာခြင်းမပြုသေးခင်မှာ ရန်ကုန်မှာ ခုလို မဲစာရင်းတွေ ပထမဆုံးကြေညာလိုက်တာလည်းဖြစ်ပါတယ်။

ခုလိုကြေညာလိုက်တာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက “အခုဟာက ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ မသက်ဆိုင်ပါဘူး၊ ကျနော်တို့ဖာကျနော်တို့ မဲစာရင်းကို ၂၀၁၅ အတွက် အဆင်သင့်ဖြစ်နေအောင် ကြိုပြီးပြုစုထားတာပါ။ ဒါကြောင့်မလို့  အခြေခံ မဲဆန္ဒရှင်စာရင်းပြုစုခြင်းလို့ သုံးထားပါတယ်။ ဒါကို အခြေခံယူဖို့ပါ၊ တကယ်ရွေးကောက်ပွဲ ကြေညာတဲ့အခါမှာ မဲစာရင်းကို ပြုစုရဦးမှာပါပဲ။ အဲဒီကတော့ အခြေခံယူလို့ရအောင် ကျနော်တို့က ကြိုတင်ပြီးဆောင်ရွက်တဲ့သဘောပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့်ရက် တရားဝင်ကြေညာပြီးတဲ့အခါ မဲစာရင်းတွေကိုထပ်မံ ထုတ်ပြန်ပေးသွားမယ်လို့ ပြောပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ လတ်တလော ထုတ်ပြန်မယ့် အခြေခံမဲစာရင်းမှာ  မိမိ အမည်ပါမပါ သွားရောက်ကြည့်ရှုကြဖို့၊ အမည်မပါရင် လျှောက်ထားဖို့၊  ကွယ်လွန်သူတွေနဲ့ ထောင်ကျနေသူတွေလို မပါသင့်တဲ့သူတွေပါနေရင် ကန့်ကွက်ဖို့  နှိုးဆော်ထားပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လာမယ့် အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလဆန်းလောက်မှာ ကျင်းပမယ်လို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲတွေက ထုတ်ဖော် ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013