DVB Logo
Home
Lead Story
အတုယူသင့်တဲ့ တရုတ်နိုင်ငံရဲ့ အကျင့်ပျက် လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေး
DVB
·
March 19, 2015
Donate to DVB

အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့(တီအိုင်)က ထုတ်ပြန်တဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ အကျင့်ပျက် ခြစားမှုအများဆုံးနိုင်ငံတွေရဲ့စာရင်းမှာ အများဆုံးအဆင့် ၁၇၄ မှာ မြောက်ကိုရီးယားနဲ့ ဆိုမာလီယာနိုင်ငံတို့ ရှိနေပြီး မြန်မာနိုင်ငံကတော့ အဆင့် ၁၅၆ မှာ ရှိနေပါတယ်။ တရုတ်နိုင်ငံကတော့ အဆင့် ၁၀၀ နေရာမှာပါ။ အဆင့်အရ မြန်မာနိုင်ငံထက်စာရင် အများကြီးလျော့နည်းတယ်လို့ပြောနိုင်ပါတယ်။ အဲဒီလိုအခြေအနေမှာတောင် သမ္မတ ရှီကျင်းပင်ခေါင်းဆောင်တဲ့ တရုတ်အစိုးရက သူ့နိုင်ငံမှာ အကျင့်ပျက်ခြစားမှု ပပျောက်ရေးကို အထူးအလေးထားပြီး ဆောင်ရွက်နေတာ တွေ့ရပါတယ်။

သမ္မတရှီကျင်းပင်ဟာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီကနေ စုပေါင်းအကြံပြုမှုလုပ်ငန်းစဉ်အရ ပထမဆုံး ရွေးချယ်တင်မြှောက်ခံရတဲ့ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ခေါင်းဆောင်ပါ။ သူကစပြီး သမ္မတတာဝန်ကို ထမ်းဆောင်တဲ့အချိန်ကစပြီး သူ့သက်တမ်း အတွင်းမှာ တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့ အကျင့်ပျက် ခြစားမှုတွေ(အထူးသဖြင့် ပါတီတွင်းနဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေ) ကို တိတိကျကျ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ သူ့ကို ပြိုင်ဘက်နိုင်ငံရေးသမားတွေကို ရှင်းပစ်ဖို့ လုပ်တဲ့ နည်းပရိယာယ် ဆင်ပြီးလုပ်နေတယ်လို့ တချို့ တာဝန်ရှိပုဂ္ဂိုလ် တွေက စွတ်စွဲပြောဆိုခံနေရပေမယ့် ရှီက “ ကျနော်လုပ်နေတဲ့ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးဆောင်ရွက်ရာမှာ ကျနော်က သေမလား ရှင်မလားဆိုတာ၊ ကျနော်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်မှာတွေကို ကျနော် ဂရုမစိုက်ပါဘူး”လို့ ပြောင်ပြောင်တင်းတင်း ပြောကြား ခဲ့ပါတယ်။

ဘေဂျင်းက အာဏာပိုင်တွေက ပြည်နယ်အစိုးရအရာရှိတွေအပေါ် အနီးကပ် စောင့်ကြည့် စစ်ဆေးနေသလို အစိုးရနဲ့ ပါတီရှိ အရာရှိ ၁၈၀၀၀၀ ကို စည်းကမ်းပိုင်းအရ အရေးယူထားပြီး ဖြစ်ပါတယ်။

ရှီက တရုတ်ပြည်ရဲ့ စီးပွားရေး ဂုရုကြီးဖြစ်ခဲ့တဲ့ တိန်ရှောက်ဖိန်ရဲ့ခြေရာကို နင်းပြီး ဘာမှ အလုပ်မဖြစ်တဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေ ရှိနေတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးကဏ္ဍ ကို တရုတ်နိုင်ငံ စီးပွားရေးရဲ့ ကုန်ထုတ်လုပ်မှုကို ပိုပြီး အဆုံးအဖြတ်ပေးနိုင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်နိုင်တဲ့  ဒုတိယ စီးပွားရေးတော်လှန်ရေး လုပ်ပစ်ဖို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှီက နိုင်ငံတွင်း နိုင်ငံရေး တည်ငြိမ်မှု မရှိတာ အိမ်နီးချင်းနိုင်ငံတွေနဲ့ မပြေမလည် ဖြစ်တာတွေဟာ အာရှရဲ့ တရားဝင်ခေါင်းဆောင်နိုင်ငံ ဖြစ်လာဖို့ရည်ရွယ်ထားတဲ့ နိုင်ငံတနိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားအတွက် မကောင်းဘူးဆိုတာကို နားလည်ထားခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတွင်းမှာ နိုင်ငံရေးအရ တည်ငြိမ်ဖို့ ပြည်သူတွေက အစိုးရနဲ့ ပါတီတာဝန်ရှိ ပုဂ္ဂိုလ်တွေက မတော်မတရားရယူ စီးပွားရေးအရ ထူဆောက်ထားတာတွေအပေါ် အမြင်ရှင်းရှင်းလင်းလင်းရှိဖို့နဲ့ အဲဒီအစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ပါတီတာဝန်ရှိပုဂ္ဂိုလ်တွေ အပေါင်းအပါတွေရဲ့ ဥစ္စာဓန ပိုင်ဆိုင်မှုတွေဟာ တရားဥပဒေနဲ့ ညီညွတ်ရဲ့လား၊  မတော်မတရားရယူ ပိုင်ဆိုင်ထားတာတွေလားဆိုတာကို အသေအချာ စုံစမ်းပြီး မတော်မတရား ရယူထားတာ၊ နိုင်ငံရေးသြဇာအာဏာအရ မတရား ရယူထားတာတွေ တွေ့ရှိရင် ဘယ်သူမျက်နှာ၊ ဘယ်ရာထူး အရှိန်အ၀ါကိုမှ မထောက်ထားဘဲ အရေးယူ အပြစ်ပေးမှုတွေကို လုပ်ဆောင်လာခဲ့၊ လုပ်ဆောင်နေခဲ့တာတွေ့ရပါတယ်။

တာဝန်ကြီးကြီး၊ ရာထူးကြီးကြီး ယူထားသူတွေက အဲဒီလို ဖောက်ပြန်ပျက်စီး အကျင့်ပျက် ခြစားတာတွေကို သက်သေအထောက်အထားနဲ့  အခိုင်အမာတွေ့ရပြီဆိုရင်လည်း သေဒဏ်အထိအပြစ်ပေးတာတွေကို တွေ့နေမြင်နေရဆဲ ဖြစ်ပါတယ်။ ပါတီထိပ်ပိုင်း တာဝန်ရှိပုဂ္ဂိုလ်တွေ အများကြီး သေဒဏ်အထိ ကျသွားခဲ့ကြပါပြီ။ ခုထိလည်း အဲဒီ အကျင့်ပျက် ခြစားမှုတွေကို ပြင်းပြင်းထန်ထန် စုံစမ်းအရေးယူ အပြစ်ပေးနေဆဲဆိုတာ တွေ့နေရပါတယ်။

ကျနော်တို့နိုင်ငံက သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဝင်တွေ ရာထူးမယူခင် ကိုယ်ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို ပြည်သူလူထု သိအောင် ကြေညာထားဖို့ လွှတ်တော်မှာ တင်သွင်းတဲ့ အဆိုက ရှုံးနိမ့်သွားလို့ ကျနော်တို့ ပြည်သူတွေက အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေမှာ ဘယ်လောက် ပိုင်ဆိုင်ထားတယ်ဆိုတာကို မသိရတဲ့အတွက် ဒုဝန်ကြီးတယောက်က ကား ၁၇ စီး၊ ၀န်ကြီးက ၃၄ စီး၊ တိုက်တာအိမ်ခြေတွေက ဘယ်လောက်ဆိုတာဟာ တရားဝင်ဟုတ်ရဲ့လား ခိုးရာပါ တိုက်ရာပါ ပစ္စည်းတွေလား ဆိုတာကို မသိနိုင်ကြတော့ပါဘူး။ ဘယ်လောက်အကျင့်ပျက် ခြစား ထားခဲ့တယ်ဆိုတာလည်း မသိနိုင်ကြပါဘူး။ သနားစရာ ကောင်းအောင် အော် သူတို့ တော်တော် အတိတ်ကုသိုလ်ကောင်းခဲ့တဲ့ သူတွေပဲလို့ ထင်နေကြရှာပါတယ်။ တရားဥပဒေရဲ့ အထက်မှာ နေနိုင်တဲ့သူတွေ ရှိနေဆဲ ကျနော်တို့ တိုင်းပြည်မှာ အကျင့်ပျက်ခြစားမှုတွေကို တကယ်တမ်း တိုက်ဖျက်နိုင်ကြပါ့မလား မတိုက်ဖျက် နိုင်ကြပြန်ရင်လည်း တိုင်းပြည်တွင်းမှာ ဥစ္စဓန ပိုင်ဆိုင်မှုအရ လူတန်းစားကွာဟမှုတွေ သိပ်ကြီးနေပြီး လူတန်းစားပဋိပက္ခတွေ ဆက်ဖြစ်နေကြမယ်ဆိုရင် နိုင်ငံရေးပဋိပက္ခတွေကို ပြေပြေလည်လည် ဖြေရှင်းနိုင်ကြမယ် ဆိုရင်တောင် လူတန်းစားပဋိပက္ခတွေနဲ့ လူတန်းစားလွတ်မြောက်ရေး တိုက်ပွဲတွေ တော်လှန်ရေးတွေ ဆက်ဖြစ်လာမယ်ဆိုတာ သေချာပါကြောင်း။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013