
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အချင်းများတဲ့ ဖြစ်စဉ်ကြောင့် အဖမ်းခံခဲ့ရတဲ့ အရပ်သား ၄ ယောက် အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က မအူပင်မြို့နယ်၊ စစ်ချောင်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းမင်းက စစ်မှုထမ်းကြေးငွေ အဆမတန် တိုးကောက်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံအရပ်သားတွေနဲ့ အချင်းများခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့သူတွေထဲက ၄ ယောက်ကို မတ် ၂၁ ရက်က အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အုပ်ချုပ်ရေးမှူး မင်းမင်းက အချင်းများတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးက ဖမ်းခိုင်းလို့ အရပ်သားတွေ မနည်း အဖမ်းခံခဲ့ရတယ်။ အဖမ်းခံရတဲ့သူတွေထဲက ၄ ယောက် အမှုဖွင့်ခံရတာ ဖြစ်ပါတယ်။ အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံရတာ” လို့ ပြောပါတယ်။
စစ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး မင်းမင်းနဲ့ အချင်းများတဲ့သူတွေထဲက ဒေသခံ အရပ်သား ၁၀ ယောက်ထက်မနည်းကို စစ်ကောင်စီ မအူပင် အမှတ် ၂၇ ခြေမြန်တပ်ရင်းက တပ်သားတွေ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် အဖမ်းခံခဲ့ရတဲ့ အရပ်သား ၁၀ ယောက်ထဲက အမျိုးသား လူငယ် ၅ ယောက်ကို အခု မတ်လ ဒုတိယအပတ်ထဲမှာ စစ်မှုထမ်းဖို့ ထည့်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။










