
မြန်မာစစ်အာဏာရှင်ဘက်က အပြုသဘောဆောင်တဲ့ အရိပ်အယောင်တွေ တွေ့ရတယ်လို့ နေပြည်တော်ကို မေ ၁၉ ရက်က နေ့ချင်းပြန်ခရီးသွားရောက်ခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက် မြန်မာစစ်အာဏာရှင်ဘက်က သိသာထင်ရှားတဲ့ တိုးတက်မှုတွေ တွေ့ရတာလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမတ်ဟာဆန်က နေပြည်တော်က ပြန်လာပြီးနောက် မနေ့က မလေးရှား တော်ဝင်လေတပ်စခန်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောတာလို့ မလေးရှားအစိုးရ သတင်းဌာနက ဖော်ပြပါတယ်။
ဝန်ကြီးက “ကျနော့်ရဲ့ ဆွေးနွေးဖက်ဝန်ကြီးဟာ အသစ်ဖြစ်နေပေမဲ့ ပိုပြီးတော့ သက်သောင့်သက်သာရှိတဲ့ အနေအထားကို ဆွေးနွေးမှုတွေကနေတဆင့် သတိပြုမိခဲ့ပါတယ်။ အဖွဲ့အစည်းအားလုံး တဝိုင်းတည်းမှာ အတူတူထိုင်ဖို့ သူတို့ဘက်က အဆင်သင့်ရှိတယ်၊ ဆွေးနွေးဖို့ အဆင်သင့်ရှိတယ် ဆိုတာကို ပြသခဲ့ပါတယ်။ ဒါဟာ ဖြစ်လာနိုင်မယ်ဆိုရင် ကျနော့်အတွက်တော့ ထူးခြားတဲ့ တိုးတက်မှုတခု အပြုသဘောဆောင်တဲ့ အရိပ်အယောင်တခုပါပဲ” လို့ ပြောပါတယ်။
မလေးရှားဝန်ကြီးဟာ မေ ၁၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်ကို ရောက်ရှိခဲ့ပြီး စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ချက်ချင်းပြန်သွားခဲ့တာပါ။
မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးခေါင်းဆောင်တွေရဲ့ သီးသန့်အစည်းအဝေးအပြီး အခုလို ရောက်ရှိလာတာ ဖြစ်ပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံအတွက် ချဉ်းကပ်မှုပုံစံအသစ်တခုကို ဖန်တီးနိုင်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို မြန်မာနိုင်ငံက သူတို့ရဲ့ ဆွေးနွေးဖက်တွေနဲ့ တွေ့ဆုံ လေ့လာတာတွေလုပ်ဖို့ တာဝန်ပေးအပ်ထားတယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။
ဝန်ကြီးမိုဟာမတ်ဟာဆန်က “ကျနော်တို့ သတိကြီးစွာနဲ့ ရှေ့ဆက်နေပါတယ်။ မလေးရှားက သူတို့ကို ဖိအားပေးနေတယ်လို့ အမြင်မခံချင်ပါဘူး။ သူတို့ရဲ့ အကြံပြုချက်တွေကိုပဲ တောင်းဆိုထားပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတခု မစွမ်းမဆောင်နိုင် ဖြစ်သွားတာမျိုးကို မလိုလားတဲ့အတွက် သူတို့ စိတ်ထဲမှာ ဘာရှိလဲ၊ ရှေ့ဆက်ဖို့ ဘယ်လိုအစီအစဉ်ရှိလဲဆိုတာကို သိချင်တာပါ။ အဲဒီလိုဖြစ်သွားရင် အာဆီယံဟာ ပြည်သူတွေရဲ့ သာယာဝပြောရေးကို အလေးထားတဲ့ အဖွဲ့အစည်းတခုအဖြစ် ရှုမြင်ခံရတော့မှာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
ဒီခရီးစဉ်မှာ မြန်မာစစ်အာဏာရှင် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့မှုအပေါ် အခြေခံပြီး မူဝါဒဖော်ဆောင်ဖို့၊ ဆွေးနွေးဖို့အတွက် မလေးရှား အစိုးရအဖွဲ့ဆီကို အစီရင်ခံစာတင်သွင်းမှာ ဖြစ်ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း အွန်လိုင်းကနေတဆင့် ဆွေးနွေးတာ ဒါမှမဟုတ် ဗီဒီယိုကွန်ဖရင့်ကနေတဆင့် ဆွေးနွေးတာတွေ ပြုလုပ်သွားမယ်လို့ မလေးရှားဝန်ကြီးက ပြောပါတယ်။
မြန်မာဘက်ကတော့ ပြီးခဲ့တဲ့နှစ်က မလေးရှားဝန်ကြီးချုပ်အန်နဝါ အီဘရာဟင်နဲ့ မြန်မာနိုင်ငံခေါင်းဆောင်တို့ တွေ့ဆုံ ဆွေးနွေးမှုပြီးကတည်းက အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ခဲ့ကြောင်း တုံ့ပြန် ပြောခဲ့တယ်လို့ဆိုပါတယ်။
ပြီးတော့ လာမဲ့ ဇူလိုင် ၃၀ ရက်မှာ သက်တမ်းကုန်မဲ့ အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် အနည်းဆုံး ၆ လ ဒါမှမဟုတ် အကန့်အသတ်မရှိ သက်တမ်းတိုးဖို့ စစ်အာဏာရှင်ကို တောင်းဆိုခဲ့တယ်လို့လည်း မလေးရှားဝန်ကြီးက ပြောပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင်ဟာ အပစ်အခတ်ရပ်တယ်လို့ ကြေညာပြီး မကြာခင်မှာရော၊ အင်အားပြင်း ငလျင်ကြီး လှုပ်နေချိန်မှာပါ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်နေသလို လက်ရှိအချိန်အထိလည်း လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် လုပ်နေတာနဲ့ ပတ်သက်လို့တော့ သူက ထည့်သွင်းပြောဆိုတာ မရှိပါဘူး။
၂ နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ မနေ့ကနေပြည်တော်မှာတွေ့ဆုံရာမှာ မြန်မာနိုင်ငံနဲ့ မလေးရှား နိုင်ငံတို့အကြား ၂ နိုင်ငံဆက်ဆံရေးနဲ့ အာဆီယံဆိုင်ရာကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ၂ နိုင်ငံ အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းစေမဲ့ ကဏ္ဍတွေမှာ လက်ရှိ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ရေးအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source: BERNAMA
Photo: MOFA- Myanmar










