စာရေးဆရာကြီး အလန်ဇန္ဒားဒူးမားရဲ့ သူရဲကောင်း ၃ ယောက် ဝတ္ထုကြီးထဲက ဇာတ်ကောင်ဖြစ်တဲ့ ပြင်သစ်ဂန္ထဝင်သူရဲကောင်း ဒါးတညံရဲ့ ရုပ်အလောင်းလို့ ယူဆရတဲ့ ရုပ်အလောင်းတခု နယ်သာလန်နိုင်ငံမှာ တူးဖော်ရရှိခဲ့ပါတယ်။
ပြင်သစ်သူရဲကောင်း ဒါးတညံရဲ့ ရုပ်အလောင်းလို့ ယူဆရတဲ့ ရုပ်အလောင်းကို နယ်သာလန်နိုင်ငံ မာ့စထရတ်မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတခုမှာ တူးဖော်ခဲ့တာပါ။
ဖေဖော်ဝါရီလက အဲဒီဘုရားကျောင်းမှာ ကြမ်းပြင်နိမ့်ဆင်းမှု ဖြစ်ခဲ့ရာက တဆင့် ကြမ်းပြင်အောက် မြေထဲမှာ အခေါင်းတခု မြှုပ်ထားတာကို တွေ့ခဲ့တာ ဖြစ်ပါတယ်။
ရှေးဟောင်းသုတေသနပညာရှင်က “ဒါက ထိပ်တန်းအဆင့် စုံစမ်းမှုတခုပါ။ ဒီရုပ်အလောင်းဟာ နာမည်ကျော်သူရဲကောင်းရဲ့ ရုပ်ကြွင်း ဟုတ်မဟုတ် ကျနော်တို့ စုံစမ်းရမှာပါ။ ဒါးတညံဟာ မာ့ထရတ်အနီး ဒီနေရာမှာ အသတ်ခံရတာပါ” လို့ ပြောပါတယ်။
ဒီဘုရားကျောင်းဟာ ၁၇ ရာစုက ဒါးတညံ မြှုပ်နှံခံထားရတဲ့နေရာ ဖြစ်နိုင်တယ်လို့ အစောပိုင်းက အသိအမှတ်ပြုထားခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာ ရုပ်ကြွင်းရဲ့ မေးရိုးကနေ DNA ယူပြီး ဒါးတညံရဲ့ သားစဉ်မြေးဆက် DNA နဲ့ တိုက်ဆိုင်စစ်ဆေးမှာ ဖြစ်ပါတယ်။
ဒါဟာ နှစ်ပေါင်း ၃၅၀ ကျော်က ပြင်သစ်ဂန္ထဝင်သူရဲကောင်း ဒါးတညံရဲ့ ရုပ်အလောင်းကို ဒတ်ချ်ဘုရားကျောင်းရဲ့ ကြမ်းပြင်အောက်မှာ မြှုပ်နှံထားတာကို တွေ့ရှိတာပဲ ဖြစ်ပါတယ်။
ဒါးတညံဟာ ၁၆၇၃ ခုနှစ်က ပြင်သစ်နဲ့ ဒတ်ချ်တို့ ဖြစ်ပွားခဲ့တဲ့ မာ့စထရက်စစ်ပွဲမှာ အသတ်ခံခဲ့ရတာ ဖြစ်ပြီး သူ့ရဲ့အလောင်းကို ဘုရားကျောင်းတခုမှာ မြှုပ်နှံ သင်္ဂြိုဟ်ခဲ့တယ်လို့ ကောလာဟလတွေ ထွက်ခဲ့ပေမဲ့ တိကျတဲ့ သက်သေမျိုးတော့ အခုအချိန်အထိ မရှိသေးပါဘူး။
ဒါးတညံ သေပြီးတဲ့နောက်ပိုင်း ပြင်သစ်စာရေးဆရာကြီး အလန်ဇန္ဒားဒူးမားက Three Musketeers စာအုပ်မှာ သူရဲကောင်း ၃ ယောက်ရဲ့ သူငယ်ချင်းအဖြစ် ဂုဏ်ပြုဖော်ပြထားခဲ့ပါတယ်။
Source: Reuters










