DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံသားတဦးကို လက်နက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူ
DVB
·
March 18, 2015
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ တရုတ်နိုင်ငံသားတဦးဆီက လက်နက်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ ဖမ်းဆီးရမိလို့ လက်နက်ဥပဒေပုဒ်မ ၁၉/က နဲ့ အမှုဖွင့် အရေးယူထားကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

တရုတ်နိုင်ငံ ကွမ်စီးပြည်နယ်သား အသက် ၂၉ နှစ်အရွယ် အားထောင် (ခေါ်) SongTao ဟာ လားရှိုးမြို့ ရပ်ကွက် ၄ မှာ လာရောက်တည်းခိုနေထိုင်စဉ် ဒေသခံနဲ့ စကားများပြီး သေနတ်နဲ့ခြိမ်းခြောက်ခဲ့တဲ့အတွက် မတ်လ ၁၇ ရက်နေ့မှာ ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ လားရှိုးမြို့နယ် ရဲမှူး တင်ဖေ၀င်းက ပြောပါတယ်။

“ဒေသခံတွေရဲ့ တိုင်ကြားချက်အရ ကျနော်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့အတူ သူနေတဲ့အိမ်မှာ မနေ့ညနေ ၃ နာရီခွဲက သွားပြီးစောင့်ဖမ်းတာပါခင်ဗျ။ သူကလည်း ခုခံတာတွေ ဘာတွေမရှိပါဘူး။ သူ့ဆီကနေ ပစ္စတိုသေနတ် ၂ လက်၊ ဒစ်တိုနေတာတွေပါတဲ့ လျှပ်စစ်ဖောက်ခွဲရေးပစ္စည်း ၉၂ ကျစ်၊ သင်းခွေချပ်၊ ကျောက်စိမ်းထည်တွေ သိမ်းဆည်း ရမိပါတယ်။ နောက်ပြီးတော့ ၀ှစ်သောက်ကားတစီးလည်း ပါပါတယ်။”

သူဟာ သစ်ခွပန်းရောင်းဝယ်ရေးအလုပ်နဲ့ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကတည်းက မြန်မာပြည်ကို ၀င်ထွက်သွားလာနေတာဖြစ်ပြီး လက်နက်တွေကတော့ တောထဲသွားရင် မိမိကိုယ်ကို ကာကွယ်ဖို့အတွက် ဆောင်ထားတာလို့ ထွက်ဆိုကြောင်း ရဲမှူးက ပြောပါတယ်။

ဒါပေမယ့် လားရှိုးမြို့မ ရဲစခန်းကတော့ သူ့ကို လက်နက်ဥပဒေပုဒ်မ ၁၉/က နဲ့ အရေးယူ ထားသလို သင်းခွေချပ် မိတဲ့အတွက် သစ်တော ဥပဒေ၊ ကျောက်စိမ်းမိတဲ့အတွက် ကျောက်မျက်ဥပဒေ၊ သူ့မှာ တရားဝင်ဗီဇာရှိပေမယ့် ဟိုတယ်မှာမတည်းဘဲ ရပ်ကွက်ထဲမှာ တည်းခိုတဲ့အတွက် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေတွေနဲ့ပါ ငြိစွန်းနေတယ်လို့ ဆိုပါတယ်။

လောလောဆယ်တော့ သူ့ကိုစစ်ဆေးနေဆဲဖြစ်တဲ့အတွက် ဘယ်လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်မှု ရှိမရှိ ဆိုတာ ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်မှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ကူညီမှုကြောင့် ဥပဒေမဲ့ကိစ္စ ဖမ်းဆီးရမိတာဖြစ်ပြီး နောက်နောင်ကိုလည်း ခုလို တာဝန်သိခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာမှာ ပိုမိုလွယ်ကူနိုင်မယ်လို့ လားရှိုးမြို့နယ်ရဲမှူးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013