DVB Logo
Home
နိုင်ငံတကာ
နော်ဝေ စစ်ရေးတည်ဆောက်မှု ရုရှားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်ဟု ပြော
DVB
·
September 8, 2026
Photo: NTB/Heiko Junge via REUTERS/File Photo
Photo: NTB/Heiko Junge via REUTERS/File Photo
Donate to DVB

ရုရှားနိုင်ငံအပေါ် ရှင်းရှင်းလင်းလင်း အာရုံစိုက်ထားတဲ့ နော်ဝေရဲ့ စစ်ရေးတည်ဆောက်မှုကို ရုရှားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတခုအဖြစ် မယူဆဘဲ မနေနိုင်ဘူးလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က စက်တင်ဘာ ၇ ရက်မှာ ပြောပါတယ်။

“နော်ဝေရဲ့ စစ်ရေးတည်ဆောက်မှုက ကျနော်တို့ရဲ့ လုံခြုံရေး သေချာစေဖို့ နောက်ထပ် အစီအမံတွေလုပ်ဖို့ အကြောင်းပြချက်တွေကို ပေးပါတယ်။ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက တခြား သက်ဆိုင်ရာ အေဂျင်စီတွေနဲ့အတူ ဒီလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေပါတယ်” လို့ ပဲ့စ်ကို့ဗ်က ပြောပါတယ်။

အမေရိကန်ရဲ့ အဆင့်မြင့် ဒုံးကျည်စနစ် နော်ဝေမှာ တပ်ချထားမှုကို ရုရှားက စက်တင်ဘာ ၇ ရက်မှာ ရှုတ်ချခဲ့ပြီး ဒီလုပ်ရပ်ဟာ အမေရိကန်-ရုရှား မဟာဗျူဟာမြောက် နျူကလီးယား တည်ငြိမ်မှုဆိုင်ရာ ဆွေးနွေးပွဲတွေရဲ့ အလားအလာအပေါ် နောက်ထပ် ထိုးနှက်ချက်တခု ဖြစ်စေတယ်လို့ ရုရှားက ပြောပါတယ်။

တိုမာဟော့ခ် ခရုဇ်ဒုံးကျည်တွေ အပါအဝင် ဒုံးကျည်အမျိုးမျိုးကို ပစ်ခတ်ဖို့ သုံးနိုင်တဲ့ Mk-41 လောင်ချာတွေကို အခြေခံတဲ့ ဒုံးကျည်စနစ်ကို နော်ဝေမှာ တပ်ချထားခြင်းက ခြိမ်းခြောက်မှုတခုလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုပါတယ်။

အဲဒီစနစ်ကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေဟာ မော်စကိုမြို့တော် အပါအဝင် ဥရောပတိုက်ဘက်အခြမ်းက ရုရှားနိုင်ငံရဲ့ အစိတ်အပိုင်း အများအပြားဆီကို ရောက်နိုင်ပါတယ်။

ရုရှားဟာ အမေရိကန်လုပ် မြေပြင်အခြေစိုက် တာလတ်ပစ် ဒုံးကျည်စနစ်တွေ တပ်ချထားမဲ့ နေရာတွေနဲ့ ကွပ်ကဲမှု၊ ထိန်းချုပ်ရေးစင်တာတွေကို အထူးအာရုံစိုက်မှာဖြစ်ပြီး စစ်ရေးပဋိပက္ခဖြစ်ရင် အဲဒီနေရာတွေက ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်လို့လည်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်ပြောခဲ့ပါတယ်။

အမေရိကန်အစိုးရက သြဂုတ်လမှာ နော်ဝေနိုင်ငံဆီ ဒုံးကျည်ပစ်လွှတ်မှုစနစ်အသစ်ကို ပေးပို့ခဲ့တယ်လို့  အမေရိကန် သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ရုရှားနဲ့ အမေရိကန် အစိုးရတွေကြား မဟာဗျူဟာမြောက် တည်ငြိမ်မှုဆိုင်ရာ ဆွေးနွေးမှုတွေကို အရင် အမေရိကန်အစိုးရလက်ထက်က ကန့်သတ်ထားခဲ့ပြီး လက်ရှိအစိုးရရဲ့ တရုတ်ပါဝင်တဲ့ ဘက်ပေါင်းစုံ ဆွေးနွေးပွဲတွေကို ဆက်လုပ်ဖို့ အစီအစဉ်တွေက လက်တွေ့မကျဘူးလို့လည်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013