DVB Logo
Home
မြန်မာသတင်း
ကမ္ဘောဒီးယားအလုပ်သမား ၂ ဦးအား ရိုက်နှက်မှုဖြင့် မြန်မာအလုပ်သမား ၈ ဦး ထိုင်းတွင် ဖမ်းဆီးခံရ
DVB
·
March 17, 2015
Donate to DVB

ထိုင်းနိုင်ငံ အလယ်ပိုင်း ချွန်းပူရီခရိုင်မှာ ကမ္ဘောဒီးယားအလုပ်သမား နှစ်ဦးကို အကြမ်းဖက်ရိုက် နှက်မှုနဲ့ မြန်မာအလုပ်သမား ၈ ဦး ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မတ်လ ၁၇ ရက်နေ့ မနက်က နယ်မြေထဲမှာ ရိုက်နှက်အကြမ်းဖက်မှုဖြစ်ပွားကြောင်း  အကြောင်းကြားချက်အရ တာဝန်ရှိသူနဲ့ လူနာတင်ယာဉ်တွေခေါ်ပြီး သွားရောက်စစ်ဆေးရာမှာ ဘန်လမုံးမြို့ နောင်ပလီရပ်ကွက် ဆောက်လုပ်ရေးအလုပ်သမားတန်းလျားမှာ ဦးခေါင်းက ဓားခုတ်ရာနဲ့ အမျိုးသားတစ်ဦး၊ သတိလစ်မေ့မျောနေတဲ့ အမျိုးသမီးတစ်ဦးတို့ကို တွေ့ရှိခဲ့တာလို့ ပတ္တရားမြို့မရဲစခန်းက ဒုရဲအုပ် ဆဒ်ဒီချိုင်း ကျန်လားက သတင်းထောက်တွေကို ပြောပါတယ်။

ဒဏ်ရာရအမျိုးသားမှာ အသက် ၄၃ နှစ်ရှိ ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သား နိုင်းဝဲင်းဆိုသူဖြစ်ပြီး သတိမေ့မျောသူကတော့ နိုင်းဝဲင်းရဲ့သမီး နန်ဒါး ၂၁ နှစ်တို့ဖြစ်ကာ နှစ်ဦးလုံး ဆေးရုံကို ပို့ပေးခဲ့တယ်လို့ ဒုရဲအုပ်က ပြောပါတယ်။

အနီးနား မျက်မြင်သက်သေတွေ ပြောကြားချက်အရ ကနေ့မနက် သန်းခေါင်လွန်အချိန် သူတို့တန်းလျားကို မြန်မာအလုပ်သမား ၂၀ နီးပါး ရောက်ရှိလာပြီး နိုင်းဝဲင်းရဲ့ ဆိုင်ကယ်ကို ၀ိုင်းထုနှက်ဖျက်ဆီးကာ အိမ်ခန်းတံခါးကို ဖျက်ဆီးဝင်ရောက်ခဲ့ကြောင်း၊ အဲဒီနောက် အိမ်တွင်းက ပစ္စည်းအသုံးအဆောင်တွေ ရိုက်ခွဲသလို နိုင်းဝဲင်းကိုပါ ဓားနဲ့ ခုတ်ပြီး ထွက်ပြေး သွားကြောင်း၊ နိုင်းဝဲင်းရဲ့သမီးနန်ဒါးမှာ ဖခင်အခုတ်ခံရတာတွေ့တဲ့အတွက် ထိတ်လန့်ပြီး မေ့မျောသွားတယ်လို့  ဆိုပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့က အကြမ်းဖက်မြန်မာအလုပ်သမားတွေ လိုက်လံဖမ်းဆီးရာမှာ ၈ ဦးဖမ်းမိခဲ့ပြီး ပတ္တရားရဲစခန်းမှာ စစ်ဆေးလျှက်ရှိကြောင်း၊ အကြောင်းစုံမသိရသေးပေမယ့် ဒီမတိုင်ခင်က  မြန်မာအလုပ်သမား ၂ ဦး ကမ္ဘောဒီးယားအလုပ်သမားတွေရဲ့ ၀ိုင်းရိုက်တာကို ခံခဲ့ရတဲ့အတွက် လာပြီးကလဲ့စားချေတာဖြစ်နိုင်တယ်လို့ ပတ္တရားရဲစခန်းက ခန့်မှန်းပြောဆို ပါတယ်။

ဓာတ်ပုံ - manager.co.th

[gallery ids="86013,86014,86015"]

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013