
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နဲ့ ငပလီမြို့ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့နယ်မှ မောင်ရွှေလေး၊ ငပလီမြို့၊ လင်းသာ စတဲ့နေရာတွေကို ဒီကနေ့ ဇူလိုင် ၂၃ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ဂျက်တိုက်လေယာဉ် ၅ စင်း၊ Y-12 တွေနဲ့ ဗုံးပတ်ကြဲနေတယ်လို့ ငပလီဒေသခံတယောက်က ပြောပါတယ်။
“ဗုံးက ပတ်ပြီးကြဲတယ်။ ငပလီကိုလည်း ကြဲနေတာ တောက်လျှောက်ပဲ။ လေယာဉ်က တခါတက်လာရင် အုပ်စုလိုက်နဲ့လာတာ။ အခုထိ ပုန်းနေရတုန်း ကြဲနေတုန်း။”
ဗုံးကြဲခံရတဲ့နေရာတွေမှာ ထိခိုက်ပျက်စီးမှု ရှိနေပေမဲ့ လက်ရှိအချိန်ထိ လေယာဉ်တွေ ပျံဝဲနေတဲ့အတွက် ဒေသခံတွေ အပြင်မထွက်ရဲကြသေးဘူးလို့ သံတွဲဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“လေယာဉ်တွေ ဝဲတုန်းမို့ အပြင်မထွက်ရဲသေးဘူး။ မီးခိုးတွေထွက်နေတာတော့ မြင်ရတယ်။”
လေကြောင်းတိုက်ခိုက်ခံနေရတဲ့ နေရာတွေက ထိခိုက်သေဆုံးမှုကို လက်ရှိ ဗုံးကြဲနေတဲ့အတွက် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်က ရခိုင်မြို့တွေကို တပ်ချုပ်အသစ် တက်လာပြီးနောက်ပိုင်း ဂျက်တိုက်လေယာဉ်တွေ၊ Y12 လေယာဉ်တွေ အုပ်စုလိုက်သုံးပြီး ဒေသခံပြည်သူနေတဲ့ မြို့၊ ရွာတွေကို ဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံတွေ သေဆုံး၊ ဒဏ်ရာရသူတွေ ပိုမိုမြင့်တက်နေပါတယ်။











