DVB Logo
Home
မြန်မာသတင်း
ဥပဒေချိုးဖောက်သည့် တရားသူကြီး ၄၀ နီးပါးကို ဒဏ်ခတ်အရေးယူ
DVB
·
March 17, 2015
ဥပဒေချိုးဖောက်သည့်  တရားသူကြီး ၄၀ နီးပါးကို ဒဏ်ခတ်အရေးယူ
Donate to DVB

မြန်မာနိုင်ငံဒေသအနှံ့ မြို့နယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့  တရားသူကြီး စုစုပေါင်း ၃၈ ဦးကို  အဂတိလိုက်စားမှုအပါအ၀င်  ဥပဒေနဲ့ အညီလိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်မှုတွေအတွက် သက်ဆိုင်ရာက  အပြစ်ပေးအရေးယူလိုက်ပါတယ်။

ဖြောင့်မတ်မှန်ကန်မှုမရှိတဲ့  တရားသူကြီးတွေကို အရေးယူထားမှုနဲ့ ပတ်သက်လို့ ရေးမြို့နယ် အမတ် ဒေါ်မိမြင့်သန်းရဲ့ မေးမြန်းချက်နဲ့ ပတ်သက်ပြီး   မေလ ၁၂ ရက် ပြည့်သူ့လွှတ်တော်မှာ  ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က  လက်ရှိ အရေးယူထားတဲ့ တရားသူကြီးအရေအတွက်ကို  လာရောက် ဖြေကြားသွားခဲ့တာပါ။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးမြင့်အောင်က ဟုမ္မလင်းမြို့နယ် တရားသူကြီးကို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်တဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချခဲ့ပြီး  ရန်ကင်းမြို့နယ်က  တွဲဖက်မြို့နယ် တရားသူကြီးကိုတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့  တရားစွဲဆိုခဲ့တယ်လို့  ဖြေကြား သွားပါတယ်။

ဒါ့အပြင် တံတားဦး၊ ခရမ်း၊ အမရပူရ၊ ကနီ၊မော်လမြိုင်နဲ့ မင်္ဂလာဒုံမြို့နယ်တွေက တရားသူကြီး ၇ ဦးကိုလည်း လာဘ်ပေးလာဘ်ယူမှု သံသယနဲ့ ၀န်ထမ်းအဖြစ်က ထုတ်ပယ်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့ ညီညွတ်ခြင်းမရှိကြောင်း စိစစ်တွေ့ရတဲ့ အတွက်ဆိုပြီး ပုသိမ်နဲ့ မြိတ်ခရိုင်က တရားသူကြီး ၂ ဦးကို ရာထူးအဆင့် တစ်နှစ်လျော့ချတာ၊  ရမည်းသင်းမြို့နယ်တရားသူကြီးကိုတော့ သတိပေးပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ပြောပါတယ်။

ညောင်ဦးနဲ့ နတ်တလင်း မြို့နယ်က တရားသူကြီး ၂ ဦးကိုတော့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ပျက်ကွက်တဲ့အတွက်  ၀န်ထမ်းအဖြစ်က ထုတ်ပယ်တာ၊ အရာတော်၊ ကျောက်တော်၊ ညောင်ဦး၊ ဖျာပုံမြို့နယ် တရားသူကြီး ၄ ဦးကို ရာထူးအဆင့်လျော့ချတာ၊  ရန်ကင်းမြို့နယ် တရားသူကြီးကို နှစ်တိုးလစာရပ်ဆိုင်းတဲ့ပြစ်ဒဏ် ချမှတ်ခဲ့တာနဲ့  တခြားမြို့နယ် ၁၉ မြို့နယ်က  တရားသူကြီး ၁၉ ဦးကိုတော့ ၀န်ထမ်းစည်းကမ်းအရ သတိပေးအရေးယူခဲ့တယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးမြင့်အောင်က ပြောကြားသွားပါတယ်။

လွှတ်တော်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီကို ပေးပို့လာတဲ့ ပြည်သူတွေရဲ့ တိုင်ကြားချက်တွေထဲမှာ လယ်ယာမြေတွေ အသိမ်းခံရတာ မကျေနပ်လို့ တိုင်ချက်က အများဆုံးဖြစ်ပြီး တရားစီရင်ရေး၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေ က ဒုတိယအများဆုံး ဖြစ်ပါတယ်။

တရားသူကြီးတွေကို အကာအကွယ်ပေးမှု အလွန်များပြားနေတဲ့အတွက် သူတို့ကို အရေးယူဖို့ အခွင့်အလမ်း မရှိသလောက် နည်းပါးနေကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီက  လွှတ်တော်မှာ အရင်က အစီရင်ခံခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013