
အီရန်ရဲ့ အပစ်ရပ်ချိုးဖောက်မှုက စစ်ရေးအရ အပြီးသတ်တိုက်ခိုက်ဖို့ အမေရိကန်ကို တွန်းအားတွေ ဖြစ်စေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က သတိပေးခဲ့ပါတယ်။
အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေသိုလှောင်ရာနေရာတွေနဲ့ ကမ်းခြေရေဒါစခန်းတွေကို အမေရိကန်တို့က တိုက်ခိုက်ခဲ့ပြီးနောက် အခုလို သတိပေးခဲ့တာပါ။
ထရမ့်ပ်က “အကျိုးအကြောင်းဆီလျော်တဲ့ ကိစ္စတွေ တာရှည်မခံတဲ့အခါမှာ လုပ်စရာက တခုပဲ ရှိပါတယ်။ အဲဒါကတော့ အီရန်ကို စတိုက်ခဲ့တုန်းကလို စစ်ရေးအရ အပြီးသတ် အဆုံးသတ်ဖို့ တွန်းအားဖြစ်လာစေတာပါပဲ။ အဲဒီလိုသာ ဖြစ်လာမယ်ဆိုရင် အီရန် အစ္စလာမ်မစ်နိုင်ငံဆိုတာ ရှိမှာ မဟုတ်ဘူး ” လို့ ပြောပါတယ်။
အီရန်ရဲ့ အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC)ဟာ ဒရုန်းတွေ ဒုံးကျည်တွေ သုံးပြီး အမေရိကန် အခြေစိုက်စခန်းတွေရှိတဲ့ ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံတို့ကို ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
IRGC က အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တာလို့ ထုတ်ပြန်ထားပြီး ဒီလို တိုက်ခိုက်မှုတွေက အပစ်ရပ်ရေးနဲ့ သံတမန်ရေးရာ လုပ်ဆောင်မှုတွေအားလုံးကို ရပ်တန့်စေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်က အီရန်ဒရုန်းတွေဟာ ဇွန် ၂၇ ရက်မှာ ပနားမားအလံ လွှင့်ထားတဲ့ ဆီတင်သင်္ဘောတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားတာ တွေ့ရပါတယ်။
Source: Reuters










