DVB Logo
Home
ကျန်းမာရေး
အသည်းရောင် စီပိုး (သို့မဟုတ်) အသံတိတ် လူသတ်သမား
DVB
·
March 17, 2015
အသည်းရောင် စီပိုး (သို့မဟုတ်) အသံတိတ် လူသတ်သမား
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ အသည်းရောင်အသားဝါ (စီ) ရောဂါ ဖြစ်ပွားမှုနှုန်းနဲ့ ပတ်သက်တဲ့ သုတေသနအချက်အလက်တွေ တိတိကျကျ မရှိသေးပါဘူး။ ဒါပေမဲ့ ဒီရောဂါပိုးကူးစပ်မှုများတဲ့ နိုင်ငံတနိုင်ငံအဖြစ် ကမ္ဘာက သတ်မှတ်ထားပါတယ်။ စီပိုးက ဘယ်လိုကူးစက်လာတာလဲ။ စီပိုးကြောင့် ဘယ်လို ရောဂါတွေ ဖြစ်မလဲ။ မြန်မာနိုင်ငံသားတွေအတွက် စီပိုး ပပျောက်အောင် ကုသဖို့ ဘယ်လိုဆေးတွေကို သုံးစွဲရမလဲ။ ဘယ်လောက် ကုန်ကျမလဲ။

အသည်းရောင် အသားဝါရောဂါဟာ အမျိုးအစား (၄)မျိုး ရှိပါတယ်။ အသည်းရောင် အသားဝါ စီပိုးဟာ သွေးနဲ့ ကိုယ်တွင်းအရည်ကနေတဆင့် ကူးစက်တဲ့ ရောဂါပိုး ဖြစ်ပါတယ်။ အဲဒီ ရောဂါပိုးဟာ နာတာရှည်ရောဂါကို ဖြစ်စေပြီး လူကို သေတဲ့အထိ ဆိုးကျိုးပေးနိုင်တယ်။

အသည်းရောင်အသားဝါ စီပိုးဟာ သွေးကနေတဆင့် အသည်းကို ရောက်သွားပြီး ရောဂါပိုးတွေ ပွားများ လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကူးစက်ခံရပြီးပြီးခြင်း မသိဘဲ နှစ် ၂၀၊ နှစ်၄၀ ကြာမှ သိရှိရတာတွေ၊ သွေးအန်မှ သိကြတာတွေ ရှိတယ်လို့ အသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်ခင်ပြုံးကြည်က ပြောပါတယ်။

“စီပိုးက အသည်းမှာ ပွားနေမယ်။ တချိန်မှာ နာတာရှည် အသည်းရောင်ရောဂါ ဖြစ်မယ်။ အဲဒီကနေ အသည်းခြောက်ရောဂါ ဖြစ်မယ်။ ပြီးတော့ အသည်းကင်ဆာ ဖြစ်မယ်။ တချို့က အသည်းခြောက်ရောဂါ ဖြစ်တဲ့အချိန်မှာ အစာအိမ်မှာ သွေးကြောတွေ ထုံတာပေါ့။ အဲဒီ သွေးကြောတွေ ပေါက်လို့ သွေးအန်မှ သိတယ် (ကူးစက်ခံနေရမှန်း) ဒါကြောင့် သူကို Silent Killer (အသံတိတ် လူသတ်သမား) အဖြစ် ခေါ်ကြတာပေါ့။ ဒါပေမယ့် လူတိုင်း (အသည်းရောင်အသားဝါပိုးရှိသူတိုင်း) ဒီလိုဖြစ်လားဆိုတော့ မဟုက်ပါဘူး။ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းကတော့ ဆက်ဖြစ်သွားပြီး ကျန်တဲ့သူတွေကတော့ သူဘာသာသူ ပြန်ကောင်းသွားလေ့ ရှိပါတယ်”

စီပိုးကို ကုသဖို့အတွက်ကိုတော့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက စားဆေး Riba-Virin နဲ့ ထိုးဆေး InterFeron (Peginterferon)ကို အသုံးပြုခဲ့ကြပါတယ်။ အသည်းရောင်အသားဝါ စီပိုးဟာ Genotype ၆ မျိုး ရှိပြီး ဒီဆေးတွေအနေနဲ့ တချို့ Genotype တွေကို ပျောက်ကင်းမှု မရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် ပျောက်ကင်းဖို့လည်း ၇၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးများလည်း များပါတယ်။

“ဆေးကတော့ သိန်း ၁၀၀ လောက်ကျမယ်ပေါ့။ ဒါပေမယ့် ဒီဆေးထိုးတာတွေ လုပ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာတယ်။ ဥပမာ တချို့သွေးနီဥတွေ နည်းသွားပြီး တချို့ကတော့ သွေးဖြူဥတွေ နည်းသွားတယ်။ အဲဒီအခါကျတော့ အဲဒီအတွက် ဆေးတွေ တခါထိုးရတယ်။ နောက်ပြီးတော့ ပိုးကောင်ရေ တွေလည်း ကြားထဲမှာ စစ်ရတယ်။ CPA (collagen proportionate area )လည်း စစ်ရတယ်။ အဲဒီစရိတ်တွေကြောင့် အားလုံးပေါင်း သိန်း ၁၅၀ ကနေ ၂၀၀ လောက်အထိ ကုန်တာပေါ့။ အဲတော့ တော်တော် များများက စီပိုး ရှိပြီ၊ စီပိုးကြောင့် ရောဂါဖြစ်ပြီဆို မကုကြတော့ဘူး။ မကုနိုင်တဲ့သူတွေ များလာတာပေါ့။ မြန်မာနိုင်ငံ အနေနဲ့ကတော့ ၁၀၀၀ မှာ ၁ ယောက်တောင် မကုနိုင်ဘူး”လို့ ပါမောက္ခ ဒေါက်တာဒေါ်ခင်ပြုံးကြည်က ပြောပါတယ်။

Genotype ၆ မျိုးစလုံး ကုသနိုင်တဲ့ ဆေးဖြစ်တဲ့ Harvonic ဆိုတဲ့ ဆေးဟာ ၂၀၁၄ ခုနှစ် နှစ်လည်ပိုင်းလောက်မှာ ပေါ်လာခဲ့ပါတယ်။ အဲဒီ ဆေးဟာ ၃ လ ဝန်းကျင် သာ သောက်ရပြီး ဘေးထွက် ဆိုးကျိုး နည်းတဲ့အတွက် အသည်းခြောက်ကာစ လူတွေပါ သောက်သုံးနိုင်တယ်လို့လည်း သူကပြောပါတယ်။

ဒါပေမယ့် ဆေးရဲ့တန်ဖိုးက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ဒေါ်လာ ၉သောင်းဝန်းကျင် ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒီဆေးကို ဒေါ်လာ ၆၅၀ ဝန်းကျင်နဲ့ ရရှိပါလိမ့်မယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းတွေက ဆေးထုတ်လုပ်တဲ့ Gilenad ကုမ္ဗဏီကို လူတိုင်း လက်လှမ်းမှီအောင် ထုတ်လုပ်ရောင်းချ ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ကုမ္ဗဏီက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဒေါ်လာ ၁၀၀၀ နဲ့ ရောင်းလို့ရအောင် အိန္ဒိယနိုင်ငံက ဆေးကုမ္ဗဏီ ၇ ခုကို လိုင်စင်ခွဲပေးပြီး ဆေးထုတ်ဖို့ သဘောတူခဲ့ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံထဲမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့လည်း ဒီသဘောတူညီမှုအရ ဈေးသက်သက်သာသာနဲ့  ရရှိမှာ ဖြစ်ပါတယ်။

ဒါအပြင် ကျန်းမာရေးဝန်ကြီးဌာန အသည်းဖောင်ဒေးရှင်းနဲ့ Clinton Health Access Initiative တို့က မြန်မာနိုင်ငံအနေနဲ့ အသည်းရောင် အသားဝါရောဂါဖြစ်နှုန်း များတဲ့အတွက် ဈေးနှုန်းသက်သက်သာသာနဲ့ ရရှိအောင် ဆောင်ရွက်ပေးဖို့ ကုမ္ဗဏီနဲ့ ညှိနှိုင်းတဲ့အခါမှာတော့ ဒေါ်လာ ၆၅၀ ဝန်းကျင်နဲ့ ရရှိဖို့ အလားအလာ ရှိတယ်လို့ အသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌက ပြောပါတယ်။

ဒီလို ဈေးသက်သက်သာသာနဲ့ ရရှိဖို့အတွက်ကိုတော့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အသည်း စီမံချက် ပြုလုပ်ရမှာ ဖြစ်ပြီး ဒီစီမံချက်ထဲမှာ မြန်မာတနိုင်ငံလုံး လွှမ်းခြုံတဲ့ အသည်းရောင်အသားဝါ ဖြစ်ပွားမှုနှုန်း သုတေသနစစ်တမ်းကို ကောက်ယူရမှာ ဖြစ်ပါတယ်။

တနိုင်ငံလုံးကိုယ်စားပြုတဲ့ အသည်းရောင် အသားဝါဖြစ်ပွားမှုနှုန်း စစ်တမ်းကို ကောက်ယူဖို့ စီစဉ် နေတဲ့အကြောင်း၊ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)ရဲ့ အငြိမ်းစားညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်တဲ့ ဒေါက်တာ ဒေါ်ခင်ပြုံးကြည်က ပြောပါတယ်။ ဒါကြောင့် ဒီ Harvonic ဆိုတဲ့ ဆေးကို ၂၀၁၅ ခုနှစ် အတွင်း ရရှိနိုင်ဖို့ အလားအလာ ရှိတယ်လို့  သူက ဆိုပါတယ်။

မြန်မာပြည်မှာ ဒီဆေးကို ၀ယ်ယူလို့ မရခင် အသည်းရောင်အသားဝါ ပိုးရှိသူတွေအနေနဲ့ မုတ်ဆိတ်ရိတ် ဓားတွေနဲ့ ဆေးထိုးအပ်တွေကို တကိုယ်ရေသုံး ဒါမှမဟုက် တခါသုံးတွေ အသုံးပြုသင့်တယ်၊ နောက်ပြီး လိင်ဆက်ဆံတဲ့အခါမှာလည်း ကွန်ဒုံးကို အသုံးပြုသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်း ထားပါတယ်။ အသည်းရောင်အသားဝါပိုး မရှိသူတွေ အနေနဲ့လည်း မလိုအပ်ဘဲ သွေးသွင်းတာတွေ မလုပ်ဖို့နဲ့ သွေးသွင်းတဲ့အခါမှာလဲ သတိထား သွင်းဖို့လိုတယ်လို့ အကြံပေးလိုက်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013