
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ နခွန်ရတ်ချာစီမာခရိုင်ထဲက ရွှေဆိုင်တဆိုင်ကို ဝင်ရောက်လုယက်ပြီး ဘတ် ၃ သိန်းနီးပါး တန်ဖိုးရှိ ရွှေလက်စွပ်တွေကို ယူဆောင်ထွက်ပြေးသွားခဲ့တဲ့ တရုတ်အမျိုးသား ၂ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အကြောင်း Khaosod သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဖမ်းဆီးခံရသူ ၂ ယောက်ဟာ ဂွမ်ဒေါင်းပြည်နယ်က အသက် ၂၇ နှစ်အရွယ် ဇူချင်တောင်နဲ့ စီချွမ်ပြည်နယ်က အသက် ၁၉ နှစ်အရွယ် ဆွန်ဟောင်လုံတို့ဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက အတည်ပြုထားပါတယ်။
ဧပြီ ၂၇ ရက်မနက် ၁၀ နာရီကျော်လောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီအချိန် ဆိုင်အတွင်း အမျိုးသမီးဝန်ထမ်း ၂ ယောက်ရှိနေချိန် မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၂ ယောက်က ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
အနက်ရောင် လက်ရှည်အင်္ကျီ၊ ဘောင်းဘီတိုနဲ့ မျက်နှာဖုံးတွေ စွပ်ထားတဲ့ အဆိုပါ အမျိုးသားတွေကို မြင်လိုက်ရတာနဲ့ ဆိုင်ဝန်ထမ်းတွေဟာ ဆိုင်အနောက်ဘက်ကို ထွက်ပြေးခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီလုယက်သူတွေဟာ ရွှေဆိုင်ကောင်တာက အကာအကွယ် သံတိုင်တွေကြောင့် ရွှေဆွဲကြိုးတွေကို ယူလို့မရတာကြောင့် ရွှေလက်စွပ်တွေ ထည့်ထားတဲ့ မှန်ဗီရိုကို ထုခွဲပြီး ရွှေလက်စွပ်တွေကို အမြန်ဆွဲယူကာ ထွက်ပြေးသွားခဲ့ကြပါတယ်။
အဆိုပါ လုယက်မှုတခုလုံးဟာ အချိန်စက္ကန့် ၃၀ လောက်သာ ကြာမြင့်ခဲ့ပြီး အဲဒီနောက် သူတို့ဟာ လိုင်စင်နံပါတ်ပြား မပါတဲ့ တိုယိုတာယာနစ်စ် အဖြူရောင် ကားတစီးနဲ့ ထွက်ပြေးသွားခဲ့ကြတာကြောင့် ရဲတပ်ဖွဲ့က တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အဲဒီနောက် လုယက်မှုမှာ အသုံးပြုခဲ့တဲ့ ကားကို စုံစမ်းစစ်ဆေးရာကနေတဆင့် ကားငှားရမ်းတဲ့ ကုမ္ပဏီကို ခြေရာခံနိုင်ခဲ့ပြီးနောက် အဲဒီနေ့ နှောင်းပိုင်းမှာပဲ ဘန်ကောက်မြို့၊ ပရာဝတ်ခရိုင် ကားအငှားဆိုင်တခုမှာ သူတို့ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
Source: Khaosod










