
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်နဲ့ သဘောတူညီချက်တခု မရမချင်း တီဟီရန်ရဲ့ ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာ ရုပ်သိမ်းပေးမှာ မဟုတ်ဘူးဆိုပြီး သတိပေးလိုက်ပါတယ်။
လာမဲ့ ဧပြီ ၂၂ ရက်အတွင်း အမေရိကန်နဲ့ အီရန်တို့ကြား ၂ ပတ်ကြာ အပစ်ရပ်သက်တမ်း ကုန်ဆုံးခါနီး အချိန်မှာပဲ အခုလိုမျိုး ထရမ့်ပ်ရဲ့ မှတ်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
မြန်မာစံတော်ချိန် ဧပြီ ၂၃ ရက် မနက်အစောပိုင်းမှသာ အပစ်ရပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဒုတိယအကျော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်လုပ်ဖြစ်မလား ဆိုတာလည်း မသေချာပါဘူး။
ဒါပေမဲ့လည်း ပါကစ္စတန်မြို့တော် အစ္စလာမ္မာဘတ်မှာတော့ ဆွေးနွေးပွဲ ဖြစ်လာနိုင်တဲ့ အခြေအနေ တွေအရ လုံခြုံရေး တင်းကျပ်ထားတာ တွေ့ရပါတယ်။
အဲဒီနောက် အီရန်ဘက်က အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေအောက်မှာ ဆွေးနွေးညှိနှိုင်းတာကို လက်ခံမှာ မဟုတ်ဘူးဆိုပြီး လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဂါလီဘတ်ဖ်က တုံ့ပြန်ထားပါတယ်။
ဒါ့အပြင် အမေရိကန်သမ္မတ ထရမ့်ပ်ဟာ စေ့စပ်ညှိနှိုင်းရေးကို “အညံ့ခံ အရှုံးပေးရမဲ့ စားပွဲဝိုင်း” အဖြစ် ပြောင်းလဲဖို့ ကြိုးစားနေကြောင်း X လူမှုကွန်ရက်ပေါ်မှာ ဂါလီဘတ်ဖ်က ရေးသား ထားပါတယ်။
ဒါကြောင့် အမေရိကန်ဘက်က တိုက်ခိုက်မှုတွေ ပြန်စတင်လာခဲ့ရင် စစ်မြေပြင်အတွက် ကတ်အသစ် ဗျူဟာအသစ်တွေကို အီရန်အနေနဲ့ ပြင်ဆင်နေတယ်လို့လည်း ဖြည့်စွက် ပြောပါတယ်။
အီရန်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှု စတင်ပြီးချိန်ကတည်းက သင်္ဘော ၂၇ စင်းကို နောက်ကြောင်း ပြန်လှည့်ဖို့ ဒါမှမဟုတ် ဆိပ်ကမ်းတွေဆီ ပြန်သွားဖို့ ညွှန်ကြားခဲ့ပါတယ်။
အလားတူ ဧပြီ ၁၉ ရက်က အီရန်အလံလွှင့်ထူထားတဲ့ ကုန်တင်သင်္ဘောတစီးကိုပါ အမေရိကန် တပ်ဖွဲ့တွေက ပထမဆုံးအကြိမ်အဖြစ် ဟန့်တား ဖမ်းဆီးခဲ့ပါသေးတယ်။
ပထမအကျော့ ဆွေးနွေးပွဲကျင်းပရာ ဆရီနာဟိုတယ်မှာတော့ အစည်းအဝေးအတွက် ဧည့်သည်တွေ ထွက်သွားပေးဖို့ ညွှန်ကြားထားသလို အဓိကလမ်းမကြီးတွေကို ပိတ်ထားမယ်လို့လည်း ရဲတပ်ဖွဲ့က ကြေညာ ထားပါတယ်။
တချိန်တည်းမှာပဲ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဒု-သမ္မတ ဂျေဒီ ဗန့်စ်က ဆက်လက်ဦးဆောင် သွားမှာ ဖြစ်တဲ့အပြင် အီရန်ဆွေးနွေးပွဲ တက်လာအောင် ပါကစ္စတန်အနေနဲ့ စည်းရုံးနိုင်မယ်လို့ပါ ယုံကြည်တဲ့အကြောင်း ဖော်ပြထားပါတယ်။
“သံတမန်ရေးရာ စည်းမျဉ်းတခု ရှိပါတယ်။ ဒါဟာ ကိစ္စရပ်တခု ပျက်သွားတဲ့အခါ ကိုယ်က အပြစ်တင်ခံရတဲ့သူ မဖြစ်ချင်ကြတာပါ။ တကယ်လို့ ဂျေဒီဗန့်စ်သာ အစ္စလာမ္မာဘတ်ကို ရောက်လာပြီဆိုရင် အီရန်တွေအနေနဲ့ မလာဘဲနေဖို့ဆိုတာ အတော်ခက်ပါလိမ့်မယ်” ဆိုပြီး နီးစပ်သူ တယောက်က မှတ်ချက်ပေးပါတယ်။
Source:Reuters











