DVB Logo
Home
မြန်မာသတင်း
ကိုမင်းသွေးသစ် ကျန်းမာရေးကောင်းမွန်ကြောင်း ရဲတပ်ဖွဲ့ အာမခံ
DVB
·
March 16, 2015
ကိုမင်းသွေးသစ် ကျန်းမာရေးကောင်းမွန်ကြောင်း ရဲတပ်ဖွဲ့ အာမခံ
Donate to DVB

သာယာဝတီအကျဉ်းထောင်မှာ ရိုက်နှက်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့  သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့  ပဲခူးတိုင်း ရဲတပ်ဖွဲ့က  အာမခံပြောကြားလိုက်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တွဲဖက် အတွင်းရေးမှူး ကိုမင်းသွေးသစ်ရဲ့ ကျန်းမာရေး အခြေအနေ စိုးရိမ်ရတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာ ရဲတပ်ဖွဲ့တာဝန်ရှိသူက  တုံ့ပြန်ပြောကြား လိုက်တာပါ။

ကိုမင်းသွေးသစ်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ပဲခူးတိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး ၀င်းစိန်က  ‘အာမခံပါတယ်၊ အဲဒီမှာ ကျန်းကျန်းမာမာနဲ့ နေတယ်”လို့  ဒီဗွီဘီကိုပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားသူတွေထဲမှာ  ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေသူ တစ်ယောက်မှ မရှိတော့ ကြောင်းလည်းပြောပါတယ်။

“ပြင်ပဆေးရုံမှာလည်းမရှိသလို ထောင်ဆေးရုံမှာလည်း တယောက်မှ မရှိတော့ဘူး။ ဖြစ်တဲ့နေ့ကလည်း မင်းသွေးသစ်က ဆေးရုံမတက်ရပါဘူး။ ထိခိုက်ဒဏ်ရာလည်း ဘာမှ မရှိပါဘူး။ တချို့က ထင်နေတာပေါ့လေ၊ နည်းနည်းပါးပါး ခေါင်းမှာ အဖုလေးကျသွားတာတို့  သေးသေးပေါက်သွားတာတို့ အဲဒါမျိုးရှိတဲ့လူကိုသာ ထောင်က ဆေးရုံအုပ်က ၂၄ နာရီ စောင့်ကြည့်တာပေါ့။ ၂၄ နာရီဆိုတော့ တစ်ညအိပ် ၂ ရက်လိုဖြစ်သွားတာပေါ့။ အဲဒီဆေးရုံမှာတက်ရတာ ၂ ရက်လောက်ပေါ့၊ နောက် တစ်ရက်ကျတော့ ဆေးရုံက စိတ်ချရပြီဆိုတော့ ဆင်းလိုက်တာပေါ့၊ ခေါင်းဒဏ်ရာဆိုတော့ ဘာဖြစ်ဖြစ် သေးသေးလေးပေါက်လဲ စိုးရိမ်လို့ ဂရုစိုက်ပြီးတော့လုပ်တာပေါ့”လို့  ရဲမှူးကြီး ၀င်းစိန်ကပြောပါတယ်။

မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမှာ  သပိတ်မှောက် ကျောင်းသားတွေကို ရဲလုံခြုံရေးတွေက အကြမ်းဖက်ရိုက်နှက်ဖြိုခွင်းပြီး ကျောင်းသားတွေအပါအ၀င် ၀န်းရံကူညီပေးခဲ့ကြတဲ့ ပြည်သူတွေ ပါ စုစုပေါင်း ၁၂၇ ဦးကို ဖမ်းဆီးခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ကျောင်းသား ၂၇ ဦးနဲ့ သတင်းထောက် ၂ ဦး စုစုပေါင်း ၂၉ ဦးကို သာယာဝတီ အကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့ပြီး ဒီကနေ့တော့ ထပ်မံလွတ်မြောက်လာသူ မရှိသေးပါဘူး။

ထောင်မှာ ကျန်ရှိတဲ့သူတွေထဲက တချို့ကို တရားစွဲဆို ရုံးထုတ်ဖို့ရှိနေပြီး လမ်းဘေးမှာ ရပ်ကြည့်ရင်း အဖမ်းခံခဲ့ရသူတွေ၊ သားသမီးတွေကိုလိုက်ခေါ်ရင် ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်း သားမိဘတွေ အပါအ၀င်  အမှုနဲ့ မပတ်သက်တဲ့ သူတွေအားလုံးကို စိစစ်ပြီး မကြာခင် ပြန်လွှတ်ပေးမယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013