DVB Logo
Home
Lead Story
ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် အမာစားဥပဒေ ပေါ်နိုင်သည့် အလားအလာ… (ဆောင်းပါး)
DVB
·
March 16, 2015
ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် အမာစားဥပဒေ ပေါ်နိုင်သည့် အလားအလာ… (ဆောင်းပါး)
Donate to DVB

ငြိမ်းချမ်းရေးနှင့် ဆက်စပ်ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ဦးတည်သည့် ဆွေးနွေးပွဲများအား နှစ်တချို့ကြာမျှ ကျင်းပလာခဲ့ပြီးနောက် မည်သည့်အဖြေမျှ ထွက်မလာသောအခါ လူထုအများစုကြီးအနေဖြင့် အားမလို အားမရ ဖြစ်လာကြသည်။ ငြိမ်းချမ်းရေး၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ ဟူသည့် ဝေါဟာရ ၃ ခုအား ထပ်ခါထပ်ခါ ကြားလာရပြီးနောက် ရောယှက်လုံးထွေးသွားသောအခါ မည်သည်ကို မည်သို့ နားလည်ရမည်မှန်း မသိတော့။ မည်သည်က အရင်လာ၊ မည်သည်က နောက်လာ သင့်သည်ကို ခွဲခြားရန် ခက်ခဲသွားတော့သည်။ အမှားကြာ အမှန်ထင်သလို ဖြစ်လာပြီး တနိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရုံမျှနှင့် ငြိမ်းချမ်းရေးကို မုချ ဦးတည်တော့မည်ကဲ့သို့ ထင်မှတ်လာကြသည်။

အထက်ပါ ဝေါဟာရ ၃ လုံးအနက် နိုင်ငံရေးဆွေးနွေးပွဲဟူသည်မှ စတင်ရှင်းပါမည်။

ပြည်တွင်းငြိမ်းချမ်းရေးရရန် နိုင်ငံရေးပြသနာများအား နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာသွားမည်ဟူသည့် ရပ်တည်ချက်မှာ တရားအရ မှန်ကန်ကြောင်း ယုံမှားစရာမလိုပါ။ ယင်းကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း အမြောက်အများက ဆယ်စုနှစ်များစွာ ကိုင်စွဲလာခဲ့ကြသည်။ သို့ရာတွင် ယခုအုပ်ချုပ်နေသည့် အရပ်သား အသွင်ယူ စစ်အစိုးရက နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပေးနိုင်ရေးအတွက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အရင် ဦးစွာ လက်မှတ်ထိုးကြစေလိုကြောင်း ဖိအားပေးလာသောအခါတွင်မူ ယင်းနိုင်ငံရေးဆွေးနွေးပွဲဟူသည်မှာ မိမိတို့ မူလမျှော်မှန်းချက်နှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ရန် လိုအပ်လာပါသည်။

နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပေးပါမည်ဟု ကမ်းလှမ်းပါလျှက် တနိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ် ထိုးရန် ငြင်းဆန်နေခြင်းမှာ ငြိမ်းချမ်းရေး မလိုလားသည်ကို ပြရာရောက်ကြောင်းဖြင့် စစ်အစိုးရအာဏာပိုင်များ၊ ၄င်းတို့နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းများက ယိုးစွပ် တိုက်ခိုက်လာသည်။ ငြိမ်းချမ်းရေးဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်ထဲမှာဘဲ ရှိတယ်ဟူ၍ပင် ကာချုပ်မင်းအောင်လှိုင်က ထုတ်ဖော်လာသည်။ ဆိုလိုသည်မှာ တနိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ်မထိုးခြင်တဲ့ ငမိုက်သားတွေကြောင့် ငြိမ်းချမ်းရေး မရတာဘဲဟု တိုက်ရိုက် အပြစ်တင်လိုက်ခြင်း ဖြစ်သည်။ နိုင်ငံရေးဆွေးနွေးပွဲ တခုတည်းကို အဓိကထားလွန်းခဲ့ခြင်း အပေါ် စစ်အစိုးရက ယင်းအညှာကို ကိုင်၍ ချီလိုက်သောအခါ လှုပ်ရှားရ ခက်ပြီး လူထုကပင် ထင်ယောင်မှားနိုင်သည့် အခြေအနေတခုသို့ ရောက်သွားခြင်း ဖြစ်သည်။

နိုင်ငံရေးပြသနာများအား နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာသွားမည်ဟူသည့်ကြွေးကြော်သံမှာ ကောင်းမွန် သည့်တရား ဖြစ်ပြီး ကျင့်သုံးသင့်သော်လည်း ဝေါဟာရ၏အ၀န်းအ၀ိုင်းမှာ လွန်စွာကျယ်ဝန်းလွန်းသည်။ ဘောင်မရှိ။ ဘောင်ရှိလျှင်လည်း ယင်းဘောင်များကို ကိုယ်လိုသလို အဓိပ္ပါယ်ဖွင့်နိုင်နေကြသည်။ အထူးသဖြင့် မိမိ၏ ရပ်တည်ချက် ခိုင်၊ မခိုင်၊ ဦးတည်ရာလမ်းကြောင်း တည့်၊ မတည့်၊ အမြတ်ထက်အရှုံးပိုများနေ၊ မနေ၊ မပိုင်း ဖြတ်နိုင်တော့ဘဲ စစ်ခေါင်းဆောင်ဟောင်းသစ်များနှင့် အပေါ်ယံတွေ့ဆုံမှုများတွင်သာ အလီလီ ၀ဲလည်၊ အာဏာ၏အ၀န်းအ၀ိုင်းတွင် သာယာသွားသောအခါ နိုင်ငံရေးဆွေးနွေးမှုဟူသော အနှစ်သာရသည်ပင်လျှင် ပျက်ရတော့မည့် ကိန်း ဆိုက်လာသည်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲအလီလီနွှဲခဲ့သည့် အတွေ့အကြုံ ရင့်ကျက်သော ပုဂ္ဂိုလ်ကြီးများ၏ နိုင်ငံရေးသုံးသပ်ချက်များမှာ အကျိုးရှိလှကြောင်း အသိအမှတ်ပြုရပါမည်။ သို့ရာတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ထိထိရောက်ရောက်လုပ်ခဲ့ဘူးခြင်း မရှိ၊ လုပ်ခဲ့ဘူးသော်လည်း တိုင်းရင်းသားများ၏ ဘ၀ကို လက်တွေ့ဖြတ်သန်း ခံစားမှုမရှိဘဲ နိုင်ငံရေးအန္တေ၀ါသိက လုပ်လိုသူများက (ဟိုဘက်အတွက်လည်း မှန်သလိုလို၊ သည်ဘက် တွက်လည်း ဟုတ်သလိုလိုစကားလုံးများ ဖြင့်) ရှုတ်ထွေးသည့် သဘောထား ယူဆချက်များ တင်ပေး လိုက်သောအခါ လူထု အများစုကြီးမှာ မည်သို့နားလည်ရမည်မသိ။ နိုင်ငံရေးဟူသော ဝေါဟာရသံသရာ တွင် လည်ခံနေကြပြီး ငြိမ်းချမ်းရေးမှာ ရှေ့မတိုးနိုင်တော့။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြဿ နာများကိုချဉ်းကပ်ရာတွင် နိုင်ငံရေးဘက်တဘက်တည်းကို အဓိကထား လွန်းခြင်းမျိုး မဖြစ်သင့်ပါ။ နိုင်ငံရေး၊ ဥပဒေနှင့် နိုင်ငံတကာဟူသည့် ဘက် ၃ ဘက်၊ ရှုထောင့် ၃ ခုမှ ချဉ်းကပ်မှ သာလျှင် မှန်ကန်သည့်အဖြေရနိုင်ဖွယ် ရှိပါသည်။

မြန်မာနိုင်ငံတွင် အာဏာရခဲ့သည့် စစ်ခေါင်းဆောင်အဆက်ဆက်ကဆွေးနွေးပွဲများ အပေါ်ချဉ်းကပ်ပုံမှာ လူလည်ကျ လွန်းခဲ့သည်ဟု ဆိုနိုင်သည်။ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာသွားမည် ဟူသည့် ကြွေးကြော်သံအပေါ် ငြင်းဆိုခဲ့ခြင်း မရှိ။ လက်တွေ့အရမူ ဥပဒေကို အဓိကသုံးကာ နိုင်ငံရေးကို ကိုင်လှုပ်ခဲ့ကြောင်း တွေ့နိုင်သည်။ ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲများ မတိုင်ခင်တွင် (၄င်းတို့ အာဏာတည်ဆောက်ရေးအတွက် အဟန့် အတားဖြစ်စေသည့်)၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့သည်။ ၄င်းတို့ အလိုကျရေးဆွဲထားသည့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်လာအောင်လုပ်၊ ယင်းကို ကိုးကားကာ ဆွေးနွေးပွဲများအား ဖျက်ပစ်ခဲ့သည်။

၁၉၈၀ ခုနှစ်တ၀ိုက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီက တောင်းဆိုခဲ့သော ပါတီစုံစနစ်၊ ကချင်အမျိုးသားလွတ် မြောက်ရေးအဖွဲ့(ကေအိုင်အို)က တောင်းဆိုခဲ့သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်စသည်များမှာ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မညီကြောင်းအကြောင်းပြကာ ဗိုလ်ချုပ်နေ၀င်းက ပယ်ချခဲ့သည်။ ယခု လက်ရှိ စစ်အစိုးသစ် ဦးသိန်းစိန် ဦးဆောင်ကျင်းပနေသည့် ဆွေးနွေးပွဲဟူသည်များတွင်လည်း အနှစ်သာရအရ အလားတူပင် ဖြစ်ကြောင်း တွေ့ရသည်။ စစ်ခေါင်းဆောင်များ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအောက်သို့ ဆွဲသွင်းနေမှုများကိုသာ အဓိက ထင်ထင်ရှားရှား တွေ့ မြင်နေရသည်။ ဥပဒေကို သုံးကာ နိုင်ငံရေးကိုထိန်းချုပ်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။

ချုပ်လိုက်လျှင် စစ်အစိုးရများအဆက်ဆက်ဘက်က နှာတဖျားမကသာနေသောအချက်မှာ ၄င်းတို့ အာဏာ တည်မြဲရေးအတွက် ဥပဒေများကို ကိုင်စွဲအသုံးချနေနိုင်ခြင်းဖြစ်သည်။ တော်လှန်ရေးအဖွဲ့အစည်းများဘက်တွင် မူ အများစုကြီးမှာ နိုင်ငံရေးပြသနာများအား နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာသွားမည်ဟူသည့် ကြွေးကြော်သံထဲ တွင်သာ ၀ဲလည်လျှက်ရှိသည်။ ဥပဒေကြောင်းအရ လေ့လာပျံ့ပွား အသုံးချသွားမည် ဟူသည့်လုပ်ငန်းစဉ်များ ရှိသင့်သလောက် ရှိနေပြီ ဖြစ်သော်လည်း နှိုင်းယှဉ်ခြင်းအရမူ လွန်မင်းစွာ နည်းပါးနေသေးသည်။

လက်ရှိ စစ်အစိုးရ၏ ဥပဒေလှည့်ကွက်တခုကိုတင်ပြပါမည်။
ဘက်နှစ်ဘက် ဆွေးနွေးပွဲများကို ဖြတ်သန်းပြီး ယခုအချိန်အထိ နောက်ဆုံးရလဒ်အဖြစ် ရရှိထားသော တနိုင်ငံလုံးအပစ်ရပ်စာချုပ်စတုတ္ထ(မူကြမ်း) အခန်း (၆) အပုဒ် ၂၃ တွင် “ဤသဘောတူညီချက်ကို အနီးကပ်ဆုံးကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်သွင်းကာ အတည်ပြုချက်ရယူရန် သဘောတူညီကြောင်း” ပါရှိသည်။

စစ်အစိုးရအနေဖြင် တနိုင်ငံလုံး အပစ်ရပ်စာချုပ်စာချုပ်ကိုလွှတ်တော်သို့ တင်သွင်းအတည်ပြုချက်ယူစေလို ခြင်းမှာ မည်သည့်ရည်ရွယ်ချက်ကြောင့်နည်း။
လွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖွဲ့စည်းထားခြင်းဖြစ်ရာ ယင်း၏ ကြီးကြပ်ကွပ်ကဲမှု၊ လမ်းညွှန်မှုကို နာခံစေခြင်းဖြင့် ဆွေးနွေးပွဲဖြစ်စဉ်တခုလုံးအား ၂၀၀၈ ဖွဲ့စည်းပုံအောက်သို့ ဆွဲသွင်းလိုက်ခြင်းဖြစ်သည်။ ထို့အပြင် အတည်ပြု၊၊ မပြု ဆိုသည်များနှင့် စပ်လျှဉ်း၍ ဥပဒေကြောင်းများကို ထောက်ကာ လွှတ်တော်နှင့် အစိုးရအကြားတွင် ဟိုပို့ သည်ရွှေ့နှင့် ဘောလီဘော ပုတ်သလို ကစားနေကြဦးမည်ဆိုလျှင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များမှာ ငေးငိုင်ထိုင်ကြည့်နေရုံမှ တပါး မည်သို့မျှ တတ်နိုင်မည် မဟုတ်ပါ။ ပို၍ဆိုးသည်မှာ လွှတ်တော်သို့ တင်သွင်းပြီး အတည်ပြုချက်ယူရန်ဟု ဖော်ပြထားသော်လည်း အတည် မပြုပါက မည်သို့ ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း မပါရှိ။ သို့ဖြစ်၍ ယင်းပြဌာန်းချက် ထည့်သွင်းခြင်းမှာ မရိုးသားသည့် ရည်ရွယ်ချက်ဟု တဘက်တွင် ကောက်ယူနိုင် သည်။

နှစ်ဘက် သဘောတူစာချုပ်ကို လွှတ်တော်သို့ တင်သွင်းပြီး အတည်ပြုချက်ယူခြင်းဖြင့် ပြဌာန်းဥပဒေ Positive Law သဖွယ် သဘောဆောင်ပြီး တပြည်လုံး လွှမ်းခြုံသက်ရောက်စေနိုင်မည် ဖြစ်သဖြင့် ယင်းမှာ ရိုးသား သည့် ရည်ရွယ်ချက်များလားဟု အခြားတဘက်တွင် မျှော်မှန်းနိုင်သည်။ သို့ရာတွင် ယင်းကို ပြည်တွင်းဥပဒေအရ သာမက နိုင်ငံတကာဥပဒေနှင့် ဆက်စပ် ဖော်ဆောင်နိုင်မှသာ လက်တွေ့အကျိုးရှိနိုင်ပါမည်။ နိုင်ငံတကာ အတွေ့အကြုံများအရ ငြိမ်းချမ်းရေးစာချုပ်ကို ဥပဒေရှုထောင့်မှ ချဉ်းကပ်ရာတွင် ၂ မျိုးရှိသည်။ ယင်းမှာ အမာစား ဥပဒေ Hard Law နှင့် အပျော့စားဥပဒေ Soft Law ဟူ၍ဖြစ်သည်။ ယင်း ၂ ခုမှာ မည်သို့ကွာခြားသနည်း။

တိုင်းပြည်၏ တရားဝင်လွှတ်တော်တရပ်က ပြဌာန်းလိုက်သောဥပဒေသည် Hard Law အမာစား ဥပဒေ ဖြစ်သည်။ ယင်းကို ချိုးဖောက်ပါက အရေးယူဆောင်ရွက်နိုင်ရေး(Enforcement)အတွက် တရားရုံးအဆင့်ဆင့်၊ တရားစွဲအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် အခြား လုံခြုံရေးအဖွဲ့အစည်းများကို အသုံးချနိုင်သောကြောင့် ဖြစ်သည်။

ပဋိပက္ခဖြစ်ရသည့် အခြေခံအကြောင်းရင်းများအပေါ်တွင် ညှိနိုင်းဆွေးနွေးပြီး မူဘောင်ဆိုင်ရာသဘောတူ ညီချက်များ ချမှတ်၊ အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းပြီး ငြိမ်းချမ်းရေးသဘောတူညီချက်များ ရယူနိုင်ခဲ့သည့် နိုင်ငံ များ ရှိခဲ့သည်။ ယင်းတို့အနက် အချို တို့တွင် အမာစားဥပဒေများကို ပြဌာန်းနိုင်ခဲ့သည်။ အထင်ရှားဆုံးနိုင်ငံမှာ တောင်အာဖရိကသမ္မတနိုင်ငံ ဖြစ်သည်။ ယင်း၏ ငြိမ်းချမ်းရေး သဘောတူညီချက်မှာ ကြားဖြတ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ[i] ဖြစ်ခဲ့သည်။ ယင်းတွင် အသွင်ကူးပြောင်းရေးကာလ ပြဌာန်းချက်များ[ii] ပါရှိခဲ့သည်။ ၄င်းအရ ရွေးကောက်ပွဲကို ဖြတ်သန်းကာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ညီလာခံမှ တဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ သစ်တရပ်[iii] ပြဌာန်း ကျင့်သုံးနိုင်ခဲ့သည်။ ကင်ညာနိုင်ငံတွင် အမျိုးသားသဘောတူညီချက်နှင့် ပြန်လည်သင့်မြတ်ရေးဥပဒေ(၂၀၀၈)[iv] ကို အတည်ပြု ကျင့်သုံးနိုင်ခဲ့သည်။ မြောက်ပိုင်းအိုင်ယာလန်တွင် ၂၀၁၀ ခုနှစ် မတ် ၉ ရက်နေ့ ၌ ဟေးလ်ဘောရိုးသဘောတူညီ ချက်[v]ကို ပါလီမန်က အတည်ပြုပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးသဘောတူညီချက်များမှတဆင့် အမာစားဥပဒေများ ပေါ်ပေါက် ကျင့်သုံးနိုင် ဖွယ်အခြေအနေကို အထက်ပါ နိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာနိုင်ပါသည်။ တောင်အာဖရိကနိုင်ငံတွင် ဒီကလပ် ခေါင်းဆောင်သည့် လူဖြူအာဏာရှင်အစိုးရနှင့် ညှိနိုင်းဆွေးနွေးခဲ့သော နယ်လ်ဆင် မန်ဒဲလား ဦးဆောင်ခဲ့သည့် အာဖရိကအမျိုးသားကွန်ဂရက်(ANC)[vi] သည် လူဖြူလူမဲ ခွဲခြားအုပ်ချုပ်သည့် စနစ်[vii] ကို အသက်သွင်းထားသည့် ထိုစဉ်က တည်ဆဲ ၁၉၈၃ ခုနှစ် ဖွဲ့စည်းပုံကို လက်မခံခဲ့ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ်ကို ရေးဆွဲ အတည်ပြု ကျင့်သုံးသွားရေးကိုသာ တောင်းဆိုခဲ့သည်။ ဒီကလပ်ခေါင်းဆောင်သည့် လူဖြူအစိုးရကလည်း လက်ခံ ဖော် ဆောင်ပေးခဲ့ရသည်။

မြန်မာနိုင်ငံတွင်မူ နယ်လ်ဆင်မန်ဒဲလား၏ ရပ်တည်ချက်မျိုးနှင့် ဆန့်ကျင်ကာ စစ်အာဏာရှင်စနစ်ကို အထင် အရှား အသက်သွင်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအား ဒေါ်အောင်ဆန်းစုကြည်က လက်ခံခေါင်းလျှိုးကာ လွှတ်တော် အတွင်းသို့ ၀င်ရောက်သွားခဲ့သည်။ ဤတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်များမှတဆင့် အမာစားဥပဒေ ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် ရေးဆွဲအတည်ပြုကျင့်သုံးရေးမှာ အခက်ကြုံသွားရသည်။ လွှတ်တော်အတွင်းတွင် သူမကိုယ်တိုင် ခေါင်းဆောင်ကာ ဖွဲ့စည်းပုံ၏ အခြေခံကျောရိုးများကို တစွန်းတစမျှ ပြင်ဆင်နိုင်ခြင်းမရှိ။ အခြေခံ ကျောရိုးများ ကို ပြင်ရန်စိုးစဉ်းမျှပင် ကြိုးပမ်းခြင်းမရှိ။ လွှတ်တော်ပြင်ပထွက်လှုပ်ရှားရာတွင်လည်း အခြေခံကျောရိုး များ တစုံလုံးပြင်ရန် တောင်းဆိုရမည့်အစား စစ်အစိုးရက မျှားပေးလိုက်သည့် ပုဒ်မ ၄၃၆ ပြင်ရေးလမ်းကြောင်း ကိုသာ လျှောက်ခဲ့သည်။

(၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သက်ဆိုးရှည်စေရန် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီအတွင်းတွင် စစ်အစိုးရက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ ပုဒ်မ ၄၃၆ ကို ပြင်ပေးကောင်း ပေးနိုင်သည်။ တချက်ခုတ် နှစ်ချက်ပြတ်စေရန် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးထွက်ပေါက် ပေးလိုက်ရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်၍ ရနိုင်ကြောင်း လက်တွေ့ပြကာ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအား ၂၀၀၈ ဖွဲ့စည်းပုံအောက်သို့ ပြန်လည် ဆွဲသွင်းလိုက်ရန် ဖြစ်သည်။ စစ်အစိုးရ အဆက်ဆက်၏ နိုင်ငံရေးသည် ဥပဒေကို ၄င်းတို့ အလိုကျ ကိုင်တွယ် လှည့်စားမှုဖြင့် လွှမ်းခြုံခဲ့သည်ဟု ဆိုနိုင်သည်။)

ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာသဘောထားကို ပြည်ထောင်စုနေ့တွင် လက်မှတ်ထိုးကြရန် ယူအန်အက်ဖ်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သမ္မတဦးသိန်းစိန်ထံ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့က ပေးပို့သည့် ကမ်းလှမ်းစာတွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့် အရေးများ အာမခံချက် အပြည့်အ၀ရှိသည့် အမျိုးသားပြည်နယ်များကို အခြေခံ၍ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် သဘောတူကြသည်။” ဟု ပါရှိကြောင်းသိရသည်။ [viii] တိုင်းရင်းသားတပ်ပေါင်းစုက တကယ်တမ်း အတိအကျ ကမ်းလှမ်းလာသောအခါ ဖက်ဒရယ်ကို အသံကောင်း ဟစ်ရုံမျှ ဟစ်လျှက်ရှိသော ဦးသိန်းစိန်အစိုးရက မသိကျိုးကျွံပြုထားလိုက်သည်။ တုတ်တုတ်မျှ မလှုပ်တော့။ ယူအင်န်အက်ဖ်စီ ဒုဥက္ကဋ္ဌ ဖြစ်ပြီး NCCT ၏ ဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ဟံသာက “ဖက်ဒရယ်ကို အပေါ်ယံလောက်ဘဲ အစိုးရက လက်ခံတယ်ဆိုတာပေါ်သွားပြီ။” ဟု ထောက်ပြခဲ့သည်။

၎င်းက ဆက်လက်၍ “ပြည်နယ်ဆိုတာပြည်နယ်တို့၊ တိုင်းတို့နဲ့ ဆက်စုပြီးတော့ ဖွဲ့ထားတဲ့ ဖယ်ဒရယ် ပြည်ထောင်စုမျိုးကို ကျနော်တို့ မလိုချင်ဘူး။ ကျနော်တို့ လိုချင်တာကတော့ အမျိုးသားပြည်နယ်၊ အမျိုးသားများပြည်နယ်။ ဥပမာ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ အဲဒီလို ရောနှောနေတဲ့ နေရာမှာတော့ အမျိုးသားများပြည်နယ်ဆိုပြီး အဲဒီလို ထည့်ချင်တယ်။ ဗမာကို ဗမာပြည်နယ်တခု သတ်မှတ်မယ်။ နောက် ရောနှောနေတဲ့နေရာတွေကို အမျိုးသားများပြည်နယ်အဖြစ် ကျနော်တို့က အဲဒီလို သတ်မှတ်ချင်တယ်။”[ix] ဟူ၍ ဖက်ဒရယ်၏ အခြေခံအကျဆုံးကျောရိုးကြီးကို အသေအချာရှင်းပြလိုက်သည်။

မြန်မာနိုင်ငံသားတဦးဖြစ်ရုံသာမက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများတွင် တောက်လျှောက်နီးပါး ပါနေခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက “တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ် ဆိုတာ ဘာလဲ မသိပါ။”ဟု ထုတ်ဖော်ခဲ့ဘူးသည်။ သိအောင် မကြိုးစား၍ လည်းကောင်း၊ မသိခြင်ယောင်ဆောင်၍ လည်းကောင်း ဖြစ်ပါမည်။ ဗမာပြည်နယ်အပါအ၀င် အမျိုးသားပြည်နယ်များဖြင့်သာ ဖွဲ့စည်းသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံကထဲက တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သတင်းကို အမှောင်ချထားခဲ့ပြီး ဗိုလ်ချုပ်နေ၀င်းက “တိုင်းရင်းသားတွေ ခွဲထွက်တော့မယ်၊ ပြည်ထောင်စုကြီး မပြိုကွဲစေဖို့ တပ်မတော်မှာ တာဝန်ရှိတယ်။” ဟု ကြေငြာကာ စစ်တပ် အာဏာသိမ်းခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် အခြားဗိုလ်ချုပ်ကြီးငယ်များ အဘယ်ကြောင့် သိအောင် မကြိုးစားခဲ့သနည်း။

ယူအင်န်အက်ဖ်စီတိုင်းရင်းသား တပ်ပေါင်းစုသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၅ နှစ်က မူကို ပြန်တင်နေခြင်း ဖြစ်သည်။ ပို၍ပင် ရှင်းအောင် တိကျအောင် တင်နေသည်။ “တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်ဆိုတာဒါဘဲ။” ဟု မြန်မာလို ရှင်းရှင်းလေးပြောနေခြင်း ဖြစ်သည်။ ယူအင်န်အက်ဖ်စီက အဓိက တင်ပြလိုက်သည့် “ဗမာ ပြည်နယ်[x] အပါအ၀င် အမျိုးသားပြည်နယ်များနှင့်သာ ဖွဲ့စည်းသည့် ဖက်ဒရယ်ပြည်ထောင်စု” ကို တန်းတူရေး၏ အခြေခံမူအဖြစ် ကိုင်စွဲပြီး တိုင်းသားတော်လှန်ရေးအင်အားစုများက ဆယ်စုနှစ်အချို့ကြာမျှ တိုက်ပွဲဝင်ခဲ့ကြသည်။ ဖက်ဒရယ်ကို လက်ခံပါသည်ဟု ကြေငြာနေသော လက်ရှိစစ်အစိုးရသည် ဤသည်ကို ငြင်းစရာအကြောင်း စိုးစဉ်းမျှမရှိ။ ငြင်းနေခြင်းမှာ အဘယ်ကြောင့်နည်း။ ဗိုလ်ချုပ်နေ၀င်းခေတ်က ဆိုရှယ်လစ်အတုကြီး ပေးပြီး စစ်အာဏာရှင်စနစ်ကို အသက်သွင်းသွားသကဲ့သို့ ယခု စစ်အစိုးရခေတ်တွင် ဖက်ဒရယ်အတုကြီး ပေးကာ စစ်အာဏာရှင်စနစ်ကိုပင် ဆက်လက် အသက်သွင်းချင်ကြသောကြောင့်ဖြစ်သည်။ ဦးအောင်မင်းက တဘက်တွင် တိုင်းရင်းသားများကို ဖက်ဒရယ်ပေးမည်ဟု နှုတ်မှ ပေါ့ပေါ့တန်တန် ကတိပေးနေသော်လည်း အခြားတဘက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ၌ ဖက်ဒရယ်အခြေခံများ ပါရှိပြီးဖြစ်ကြောင်း ပြောနေသည်ကို ထောက်ရုံမျှနှင့် ၄င်း၏ ရိုးသားမှုကို တိုင်းတာနိုင်သည်။

ဤတွင် ဖက်ဒရယ်ကို အပေါ်ယံလောက်ဘဲ လက်ခံသူမှာ ဦးသိန်းစိန် ခေါင်းဆောင်သည့် စစ်အစိုးရ တခုတည်း ဟုတ်ပါရဲ့ လားဟူ၍ စောကြောဖွယ် ဖြစ်လာသည်။

ပြည်ထောင်စုကို ပြည်နယ်များဖြင့်သာမက တိုင်း ၇ တိုင်းပါ ပါဝင်ဖွဲ့စည်းရေးဟူသည့်မူမှာ မိုးပေါ်က ကျလာခြင်း မဟုတ်ပါ။ စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်းက ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေမှ စတင်ကာ ထည့်သွင်း ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ ဖွဲ့စည်းပုံအရ မျက်လှည့်ပြလိုက်ပြီး တန်းတူရေးအခြေခံကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများက ဤသည်ကို မလိုလားကြ။ ဖက်ဒရယ်ကို လက်ခံကြောင်း ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ထုတ်ဖော်လျှက်ရှိကြသော ဒီမိုကရေစီ အင်အားစုများသည်လည်းကောင်း၊ လွှတ်တော်တွင်းရောက် တိုင်းရင်းသားပါတီများသည်လည်းကောင်း၊ အခြေခံလူထုများသည်လည်းကောင်း ယခုအချိန်တွင် မိမိတို့၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြကြရန်အချိန်ရောက်ပြီ ဖြစ်သည်။ စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်း ချပေးခဲ့သည့်မူကို ဆက်ကိုင်ထားပြီး ပြည်တွင်းစစ်မီးကို အားပေးထားမလား။ တိုင်းရင်းသားများ တောင်းဆိုသည့်မူကို လက်ခံဖော်ဆောင်ပြီး ငြိမ်းချမ်းရေးကို ပံ့ပိုးမလား ဟူ၍ပင်။ ယူအင်န်အက်ဖ်စီ၏ အောက်ပါ တင်ပြချက်သည် ဖက်ဒရယ်၏ မှတ်ကျောက် ဖြစ်လာသည်။

“ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်အပြည့်အ၀ ရှိသည့် (ဗမာပြည်နယ် အပါအ၀င်) အမျိုးသားပြည်နယ်များကို အခြေခံ၍ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု”

ယူအင်န်အက်ဖ်စီသည် နိုင်ငံရေးအရ လက်နက်ကြီးဖြင့် ပစ်ပြီး အမှန်တရားကို ဖော်ထုတ်လိုက်ပါပြီ။ ဤ နိုင်ငံရေးလက်နက်ကြီးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုက်ရိုက်ထိမှန်သွားခြင်းလည်း ဖြစ်သည်။ အထက်ပါ ဖက်ဒရယ် မှတ်ကျောက်သည် ၂၀၀၈ဖွဲ့စည်းပုံနှင့် ပြဒါးတလမ်း သံတလမ်း ဖြစ်နေသောကြောင့်ပင်။ ဖက်ဒရယ်ကို ဦးတည်ပြီး ၂၀၀၈ ဖွဲ့စည်းပုံနှင့် ဖော်ဆောင်မည် ဟူသည်မှာ နိဗ္ဗာန်ကိုမျှော်မှန်းပြီး ငရဲပြည်ကို ဖြတ်သန်းခိုင်းခြင်းပင် ဖြစ်သည်။ ငရဲတွင်းမှာသာ ဘ၀ဆုံးဖို့ရှိသည်။

၂၀၁၁ ခုနှစ်မှ စ၍ ၄ နှစ်တာဖြတ်သန်းခဲ့ရာတွင် စစ်ခေါင်းဆောင်ဟောင်းသစ်များ၊ ၄င်းတို့၏ စီးပွားရေး ခရိုနီများနှင့် နိုင်ငံရေးလက်ဝေခံအုပ်စုများသာ အခွင့်ထူးခံစားခဲ့ရပြီး လူထုအများစုကြီးမှာ ရုပ်ရော စိတ်ပါ ဆင်းရဲ သည်ထက် ဆင်းရဲလာကြရသည်။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တခု ရေးဆွဲအတည်ပြု၊ ယင်းကို ဗဟိုပြုသည့် ဥပဒေဘောင် LegalFramework အသစ်တခုကို တည်ဆောက်၊ တိုင်းပြည်အဆောက်အအုံ State Institutions များကို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းနိုင်မှသာ စစ်မှန်သည့် ငြိမ်းချမ်းမှု ရနိုင်ပါမည်။

ပြည်တွင်း ငြိမ်းချမ်းရေးကို လိုလားပါသည်ဟု ကြွေးကြော်နေသူမှန်သမျှအနေဖြင့် ဤနိုင်ငံရေးလမ်းကြောင်း ကို ထောက်ခံပံ့ပိုး လက်တွဲ လျှောက်လှမ်းရုံမှတပါး အခြားမရှိနိုင်တော့ပါ။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ ဘာကြောင့် လက်မှတ် မထိုးဖြစ်ကြသေးသလဲဟု စောဒက မတက်သင့်ကြတော့။ ဤလမ်းကြောင်းမျှကိုပင် လျှောက်လှမ်းရန် အာမခံချက် မရလျှင် “နိုင်ငံရေးဆွေးနွေးပွဲကျင်းပပေးပါမည်။” ဟူ၍ ကလေးမုန့်ပေး ချော့သလို မြူဆွယ်ရုံမျှဖြင့် တနိုင်ငံလုံးအပစ်ရပ် စာချုပ်ကြီးကို လက်မှတ်ထိုးကြလိမ့်မည်ဟု မမျှော်မှန်းနိုင်။ ဤသည်မှာ အမှန်တရား ဖြစ်လာသည်။
ဤအမှန်တရားကို မြင်နိုင်ရန်မှာ နိုင်ငံရေး တိမ်သလ္လာ ကင်းဖို့ လိုသည်။ မျက်စိတွင် တိမ်ကွယ်နေလျှင် အမှန်ကို မည်သည့်အခါတွင်မျှ မြင်နိုင်ဖွယ်မရှိ။ ပထမ တိမ်သလ္လာမှာ စစ်အစိုးရ၏ ကြိမ်းမောင်း၊ ခြိမ်းခြောက်၊ ကြွားဝါမှုများကို ယုံလွယ်နေကြခြင်း ဖြစ်သည်။ “ကိုးကန့်ကို ၃ ရက်အတွင်း အပြတ်ချေမှုန်းခဲ့ပြီးပြီ။” ဟူ၍ စစ်အစိုးရက ကမ္ဘာသိ ဖော်ထုတ်ကာ အယုံသွင်းခဲ့သည်။ ဖြဲခြောက် ပြခဲ့သည်။ အဆိုပါ ကိုးကန့်အဖွဲ့သည် ပြန်ထောင်လာခဲ့ပြီး မကြာမီ ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့်စစ်ပွဲအတွင်း စစ်အစိုးရတပ်၏ တပ်ရင်းတရင်းလုံးမျှ ထိခိုက်ကျဆုံးအောင် ပြန်တိုက်ပြခဲ့သည်။ ၀မ်းသာ၍ ပြောခြင်းမဟုတ်။ စစ်အာဏာရှင်များက ကိုယ့်တိုင်းရင်းသားအချင်းချင်းကို နိုင်ငံရေး အိုးမဲသုတ် တိုက်ခိုင်းခြင်းကြောင့် ကျဆုံးသွားခဲ့ရသူများအတွက် မည်သူမျှ ၀မ်းသာနိုင်မည် မဟုတ်။ ပြည်တွင်းစစ်ပြသနာအပေါ် စစ်အစိုးရက စစ်ရေးသက်သက်ဖြင့် ချဉ်းကပ်နေသမျှ မည်သည့်အခါတွင်မျှ အောင်မြင်နိုင်ဖွယ်မရှိကြောင်း ထောက်ပြလို၍ ဖြစ်သည်။

ဒုတိယ တိမ်သလ္လာမှာ နိုင်ငံရေးအခွင့်အရေး ပေးသယောင်ပြုသော်လည်း ဥပဒေအရအာမခံချက် ကင်းမဲ့ သည့် လှည့်ဖြားမှုကို ယုံလွယ်ခဲ့ခြင်း ဖြစ်သည်။ တအာန်း ပလောင် လွတ်မြောက်ရေးအဖွဲ့၏ သာဓက မှာ အမြင်လွယ်ဆုံး ဖြစ်သည်။ ၂၀၀၅ ခုနှစ် ဧပြီလအတွင်းက တဖွဲ့လုံးကို လက်နက်ချအောင်လုပ်ခဲ့ပြီး လက်နက်ချပွဲအခမ်းအနားသို့ ထိုစဉ်က ဒုတိယဗိုလ်ချုပ်ကြီးဖြစ်ခဲ့သူ ဦးသိန်းစိန်ကိုယ်တိုင် အောင်ပွဲခံ တက်ရောက်ကာ ငြိမ်းချမ်းရေး မိန့်ခွန်းခြွေခဲ့သည်။ သို့ရာတွင် မည်သည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်မျှမရကြောင်း ပြန်မြင်လာသောအခါ ယင်းအဖွဲ့သည် လက်နက်ကိုင်တပ် ပြန်လည် တည်ထောင်နိုင်ရုံသာမက ထိထိရောက်ရောက် ပြန်တိုက်နိုင်သည့်အဖွဲ့ ဖြစ်လာသည်။

တတိယ တိမ်သလ္လာမှာ မဟာလူမျိုးကြီးဝါဒ ဖြစ်သည်။ စစ်အာဏာရှင်အဆက်ဆက်က သွတ်သွင်းပေးခဲ့ သော မဟာလူမျိုးကြီးဝါဒကို မသိမသာသော်လည်းကောင်း၊ သိသိသာသာသော်လည်းကောင်း လက်ခံထားသမျှ ကာလပတ်လုံး တန်းတူရေးကို လက်တွေ့အရ ကျင့်သုံးနိုင်ဖွယ်မရှိ။ မြန်မာလူမျိုးကလည်းပြည်နယ်တခုအဖြစ် လက်ခံ ရယူပြီး အခြားမြန်မာမဟုတ်သည့် တိုင်းရင်းသားများနှင့် တန်းတူစွာ အမျိုးသားပြည်နယ်၊ အမျိုးသားများ ပြည်နယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု တည်ဆောက်သွားမည်ဟူသည်ကို ခြောက်အိပ်မက်သဖွယ် မှတ်ယူနိုင်သည်။ ယင်းသို့ဖြစ်နေသမျှ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်။

စတုတ္ထ တိမ်သလ္လာမှာ ကိုယ်လိုချင်သည့် ပုဂ္ဂိုလ်စွဲကို ဆွဲထုတ်ကျင့်သုံးပြီး ကိုယ်မလိုချင်သည့် တန်ဖိုးကို ပစ်ပယ်ထားခြင်း ဖြစ်သည်။ “ဖေဖေတည်ထောင်ထားသည့် တပ်မတော်ကြီး” ဟူသည်မှာ မိမိနှင့် ပုဂ္ဂိုလ်ရေးအရ ဆက်စပ်မှုကို ရှေ့တန်းတင် ဖော်ထုတ်ပြီး မြန်မာစစ်တပ်၏ လုပ်ရပ်မှန်သမျှကို မှားမှားမှန်မှန် ပြည်ဖုံးကားချထား၊ ၀ိုင်းဝန်း ဖုံးကွယ်ပေးထား၊ မတရားဖိနှိပ်မှု မှန်သမျှကို ဆက်ပြုခွင့်ပေးထားခြင်း၊ မည်သို့မျှအရေးယူဆောင်ရွက်ခြင်း မရှိဘဲ လျှစ်လျှူရှုထားခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားပြည်နယ်များ၏ ခွဲထွက်ခွင့်ကို အသိ အမှတ်ပြုခဲ့သည်။ ဤသည်မှာ တန်ဖိုးဖြစ်သည်။“၁၀ နှစ် နေလို့မှ ခွဲမထွက်ချင်အောင် မလုပ်နိုင်လျှင် ကျုပ်တို့ 
ဗမာတွေ ညံ့လို့ပေါ့”ဟူ၍ အတိအလင်း ပြောသွားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း နှစ်ရာပြည့်ကျင်းပနေသည့် မည်သည့်အခမ်းအနားတွင်မျှ ဤတန်ဖိုးကို ဖော်ထုတ်ခြင်း မပြုကြ။ ခွဲထွက်ရန် အားပေးလိုခြင်း မဟုတ်။ တိုင်းရင်း သားပြည်နယ်များတွင် ခွဲထွက်ခွင့် ပါဝင်သည့် နိုင်ငံရေးအခွင့်အရေးရှိကြောင်းကို နားလည်လက်ခံမှသာ အမျိုးသား ပြည်နယ်များဖြင့်သာ ဖွဲ့စည်းသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်လာပြီး တန်းတူရေးကို လက်တွေ့ ဖော်ဆောင်နိုင်မည် ဖြစ်သောကြောင့်ပင်။

ပဉ္စမ တိမ်သလ္လာမှာ အရာကိစ္စများ၏ ဆက်စပ်မှုကို မမြင်ခြင်း၊ မြင်အောင် မကြည့်ခြင်း၊ မြင်သော်လည်း မမြင်ယောင်ပြုနေခြင်းဖြစ်သည်။ မဖြစ်သင့်တဲ့ ပြည်တွင်းစစ်ကြီးကို ဖန်တီး၊ ပြည်တွင်းစစ်ကို အကြောင်းပြပြီး တိုင်းပြည်ဘဏ္ဍာငွေများကို စစ်အစိုးရနှင့် မြန်မာ့တပ်မတော်က ထင်သလို သုံးနေကြသဖြင့် ပညာရေးအသုံးစရိတ် ကျဆင်း၊ လူငယ်များ၏ ပညာရေးကို ထိခိုက်နေရကြောင်းဖြင့် ဆန္ဒပြကျောင်းသားခေါင်းဆောင်များက စတင်ထောက်ပြနေကြပြီ ဖြစ်သည်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများက မကြား၍လား မသိ။ အတွေ့အကြုံ ရင့်နေပြီ ဖြစ်ကြသဖြင့် မြင်အောင် မကြည့်ခြင်းတော့ မဖြစ်နိုင်၊ မမြင်ယောင်ဆောင်နေခြင်းလား မပြောတတ်။ စစ်အစိုးရ ပြဌာန်းလိုက်သည့် အမျိုးသားပညာရေးဥပဒေတွင် တင်းကြပ်သည့် ဗဟိုချုပ်ကိုင်မှုကို ကျင့်သုံးထားကြောင်း ထင်ရှားသည်။ သို့ဖြစ်လျှင် ပညာရေးအရ အမျိုးသားပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စီမံခွင့်ကို ထိခိုက်မည်ဟူသည်မှာ ဗေဒင်မေးရန်ပင်မလို။ သို့ရာတွင် ကျောင်းသားများ၏ ပညာရေးလှုပ်ရှားမှုမှာ ပြည်နယ်များနှင့် မဆိုင်သကဲ့သို့ပင် ငြိမ်သက်နေကြသည်။

အာဏာကို ဆည်းကပ်သည့်မူကိုသာ အဓိကကိုင်စွဲထားပြီး လူထုတိုက်ပွဲကို အားမပြုလိုသောအခါ ပဉ္စမ တိမ်သလ္လာဖုံးလွှမ်းမှုမှာ အမှောင်တိုက်ကဲ့သို့ပင် ဖြစ်သွားတော့သည်။ လူထုတိုက်ပွဲဖြစ်လာနိုင်သည့် ကျောင်းသားများ၏ ပညာရေးတောင်းဆိုမှုကို မှန်ကန်စွာ ထောက်ခံအားပေး အတူရပ်ခဲ့သည့် ဒေါက်တာသိန်းလွင်အား ပါတီခေါင်းဆောင်မှုနေရာမှပင် ဖယ်ရှားပစ်ခဲ့သည်မှာ အံသြဖွယ်ရာပင်။ ဘက်နှစ်ဘက်လုံးက အင်ပြည့်အားပြည့် ထောက်ခံမှု မရသည်ကို အခွင့်ကောင်းယူပြီး စစ်အစိုးရက အကြမ်းဘက်သည့် နည်းလမ်းများကို ကျင့်သုံး ဖိနှိပ်သဖြင့် ကျောင်းသားထု၏ ပညာရေးလှုပ်ရှားမှု ကျဆုံးသွားမည်ဆိုလျှင် ငြိမ်းချမ်းမှုအတွက်လည်း အားမဖြစ်စေနိုင်ပါ။

အထက်ပါ တိမ်သလ္လာ ၅ ခုကို ပယ်ရှားပြီး အမှန်တရားပေါ် ရဲရဲရပ်တည်ကာ ဆက်စပ် စုပေါင်းကြိုးပမ်း နိုင်လျှင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရပ်တည်သည့်လူထုကြီးနှင့် လူထုအသင်းအဖွဲ့များအတွင်းတွင် လည်း ကောင်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း များ အတွင်းတွင်လည်းကောင်း ယုံကြည်မှု တည်ဆောက်နိုင်လာကြပါမည်။ စစ်အာဏာရှင်စနစ်သည် မကျေပျက် နိုင်သည့် သံမဏိတုံးကြီး မဟုတ်ပါ။ ငြိမ်းချမ်းရေးနှင့် စပ်လျှဉ်းပြီး တိုင်းရင်းသားအင်အားစုများအပေါ် အပြစ်ဖို့သည့် အနေဖြင့် လွှဲချမှု၊ ကာချုပ်မင်းအောင်လှိုင် ပြုသွားခြင်းမျိုးကို အတုမယူသင့်ပါ။ ငြိမ်းချမ်းရေးသည် တိုင်းရင်းသား ပေါင်းစုံလူထုများ၊ လူထုအသင်းအဖွဲ့များ လက်ထဲတွင် ရှိသည်အမှန်ပင်။ စစ်အာဏာရှင်တစုက မပေးလည်း ရအောင်ကို ယူကြမည်ဟု ခိုင်ခိုင်မာမာ ပိုင်းဖြတ်ကြရုံသာ လိုပါသည်။

နေပြည်တော်တွင် ပြည်ထောင်စုနေ့ညစာစားပွဲ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ တက်ခဲ့ သော်လည်း စစ်အစိုးရလိုလားသည့် သဘောတူညီချက်ဟူသည်ကို ၄ ဖွဲ့သာ လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။ စင်စစ်အားဖြင့် ၂ ဖွဲ့မျှသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကရင် ၃ ဖွဲ့မှာ မူလ ကေအင်ယူ တဖွဲ့တည်းမျှသာ ဖြစ်သောကြောင့်ပင်။ ကျန်သည့် အဖွဲ့အများစုကြီးမှာ ကြွေးသည့်ညစာကို စားကာ မည်သည့်လက်မှတ်မျှ မထိုးဘဲ ခပ်တည်တည် ပြန်လာကြသည်။ ဤသည်ကို ကြည့်ရုံမျှနှင့် စစ်အစိုးရသည် မိမိ၏ နိုင်ငံရေးအားကို ချိန်ဆသင့်သည်။ နိုင်ငံရေးအရ ဟိုလှည့် သည်လှည့် လုပ်နေမှုများ၊ ဟိုဟိုသည်သည်လိုက် ပြဿနာရှာက စစ်ရေးစွမ်းရည်ပြရန် ကြိုးစားခြင်းဖြင့် မိမိအောက်ခြေတပ်သားများအား မလိုအပ်ဘဲ သေတွင်းသို့ ပို့နေမှုများအား ရပ်တန်းက ရပ်သင့်သည်။ ထို့နောက် စစ်မှန်သည့် ငြိမ်းချမ်းရေးသဘော တူညီချက်များကျလာအောင် ပူးပေါင်းဆောင်ရွက်ကာ ငြိမ်းချမ်းသည့် နည်းလမ်းသက်သက်ဖြင့်သာ ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်မှုကို ရှေ့ရှုသင့်သည်။

ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်
[i] Interim Constitution of SouthAfrica
[ii] Transitional provisions
[iii] Theparties to the Multi-Party Negotiating Process (MPNP)proceeded to draft the Interim Constitution of 1993, which wasformally enacted by Parliament and came intoforce on 27 April 1994.
[iv] National Accord and ReconciliationAct (2008)
[v] “Hillsborough Agreement”
[vi] African National Congress (ANC)
[vii] Apertheid
[viii]http://burmese.voanews.com/content/weekly-current-affairs-analysis/2639850.html
[ix] http://burmese.voanews.com/content/weekly-current-affairs-analysis/2639850.html
[x] စာရေးသူအနေဖြင့်မူ “မြန်မာ” ဟူသော ဝေါဟာရကို လူမျိုးတမျိုး၏အမည်အဖြစ်ဖြင့်သာ လက်ခံသည်။ ဤသည်ကို သဘောတူပါက “ဗမာပြည်နယ်” အစား “မြန်မာပြည်နယ်” ဟူ၍သာခေါ်ဝေါ်သင့်သည်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013