DVB Logo
Home
Lead Story
ကေအိုင်အိုနှင့် သမ္မတတွေ့ဆုံပွဲအပေါ် ဦးလမိုင်ဂွန်ဂျာနှင့် မေးမြန်းချက်
DVB
·
March 16, 2015
ကေအိုင်အိုနှင့် သမ္မတတွေ့ဆုံပွဲအပေါ် ဦးလမိုင်ဂွန်ဂျာနှင့် မေးမြန်းချက်
Donate to DVB

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ သမ္မတ ဦးသိန်စိန်တို့ ဒီကနေ့မနက်က နေပြည်တော်က သမ္မတ လယ်တောအိမ်ယာမှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။ ဒီတွေ့ဆုံပွဲမှာ နှစ်ဘက် ဘယ်လို အကြောင်းအရာတွေ အဓိထားဆွေးနွေးခဲ့ကြ ပါသလဲ။ ဆွေးနွေးပွဲပါဝင်တက်ရောက်တဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာနှင့် ဆက်သွယ်မေးမြန်းချက်မှာ အပြည့်အစုံ ဖတ်ရှုနိုင်ပါတယ်။

မတ်လ ၁၆ ရက်နေ့ မနက်မှာ  ကေအိုင်အိုခေါင်းဆောင်ပိုင်းက သမ္မတနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒီလိုတွေ့ဆုံရာမှာ ဘယ်အကြောင်းအရာတွေ အဓိက ဦးတည်ပြောဆိုခဲ့ကြ ပါသလဲ။

“ကေအိုင်အိုအနေနဲ့ သမ္မတကြီးနဲ့တွေ့တာ ဒါပထမဆုံးအကြိမ်ပေါ့နော်။ သမ္မတကြီးကလည်း လှိုက်လှိုက်လှဲလှဲ ၀မ်းသာကြိုဆိုတဲ့အကြောင်း ပြောတယ်။ နောက်ပြီးတော့ ကေအိုင်အိုဟာ လွန်ခဲ့တဲ့ ၁၇ နှစ်လုံးလုံး ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့တယ်။ နောက်ပိုင်း ဘာမဟုတ်တဲ့ ပြဿ နာလေးတွေနဲ့  တိုက်ပွဲလာခဲ့တဲ့အပေါ်မှာ ပြည်သူလူထုငြိမ်းချမ်းမှုမရှိဘဲ ဒုက္ခဖြစ်နေရတာကို ဒါကို နှစ်ဦးနှစ်ဘက်ကနေပြီးတော့မှ  ပူးပေါင်းပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် လုပ်ဆောင်သွားဖို့ သမ္မတကြီးက ပြောပါတယ်ခင်ဗျ။”

“အဲဒီအပေါ်မှာ ကေအိုင်အိုဘက်ကလည်း ဒီကိုရောက်ရှိလာတာ ဟန်ပြသဘောနဲ့ လာတာ မဟုတ်ရပါကြောင်း၊ ကေအိုင်အိုဗဟိုကနေပြီးတော့ တရားဝင်ကိုယ်စားလှယ်အဖြစ် စေလွှတ်လို့ လာရတဲ့အကြောင်း ပြောပါတယ်။ ပြီးတော့ ကေအိုင်အိုဥက္ကဋ္ဌ ပေးပို့လာတဲ့ စာအပေါ်မှာ ဒေါက်တာလားဂျာက ဦးဆောင်ရှင်းပြပါတယ်။ အဲဒီထဲမှာ ကေအိုင်အိုဟာ ပြည်ထောင်စုထဲ ကနေ ခွဲထွက်မှာမဟုတ်ဘူးပေါ့နော်။ ပြည်ထောင်စုထဲမှာ အေးချမ်းစွာနဲ့ အတူတကွ နေထိုင်သွားကြမယ်။ နောက်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာအောင် ဘယ်လို ပူးပေါင်းပြီး လုပ်ဆောင်သွားကြမလဲဆိုတာ ကေအိုင်အိုဘက်က အမြဲစဉ်းစားတယ်ပေါ့၊ ပွင့်ပွင့်လင်းလင်းပြောပြတယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်ဖို့က ယုံကြည်မှုက အဓိက အရေးကြီး ပါတယ်လို့။ ယုံကြည်မှုတည်ဆောက်ပြီးတော့မှ နှစ်ဦးနှစ်ဘက် ၀ိုင်းဝန်းပူးပေါင်းပြီးတော့မှ လုပ်ဆောင်သွားနိုင်ရင် ပိုပြီးကောင်းပါတယ်လို့ ကေအိုင်အိုဘက်က ပြောပါတယ်ခင်ဗျ။”

ကေအိုင်အိုဥက္ကဋ္ဌ ဦးဇောင်းဟရားက သမ္မတဆီ ပေးပို့တဲ့စာမှာ စုစုပေါင်း ဘယ်အချက်တွေ ပါဝင်ပါသလဲ။

“၃ ချက်ပါခင်ဗျ။ ဒီအဖွဲ့ဟာ တရားဝင်ကိုယ်စားအဖွဲ့ဖြစ်ကြောင်း၊ ပြီးတော့ ကေအိုင်အိုရဲ့ သဘောထားပေါ့လေ။ ကေအိုင်အိုဟာ သမိုင်းကြောင်းအရ မြန်မာနိုင်ငံပေါ်မှာ သစ္စာစောင့်ထိန်း ပြီးတော့မှ နေလာတယ်။ အခုလဲဘဲ  ပြည်ထောင်စုထဲက မခွဲထွက်ဘူး။  မခွဲထွက်ဘဲ အတူတကွ နေထိုင်သွားဖို့ လုပ်ဆောင်သွားဖို့ ဆန္ဒအပြည့် အ၀ရှိတယ်ပေါ့ အဲဒါတွေ ပါပါတယ်။”

အဲဒီတော့ သမ္မတကြီးက ဘယ်လိုပြန်ပြီး တုံ့ပြန်ပြောဆိုပါသလဲ။

“သမ္မတကြီးကလည်း ခုလို ကေအိုင်အိုရဲ့သဘောထားကို ပွင့်ပွင့်လင်းလင်းသိရတဲ့အတွက် ကြိုဆိုတယ်။  ၀မ်းသာတယ်ပေါ့နော်။  ကေအိုင်အိုက ပြောတဲ့အတိုင်းပါပဲ။ အဓိကက ယုံကြည်မှုပေါ့လေ။ ယုံကြည်မှုမရှိဘဲနဲ့ လုပ်သွားရင် တဦးပေါ်တဦး သံသယတွေပွားပြီး  ဘယ်လိုမှ အောင်မြင်နိုင်မှာ မဟုတ်ဘူးပေါ့။ ယုံကြည်မှုအဓိကလို့ ပြောသွားပါတယ်။”

ဟုတ်ကဲ့ လတ်တလော တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အပေါ်မှာရော ဘာတွေပြောဖြစ်ကြသေးလဲ။

“အဲဒီကိစ္စတော့ တိုက်ရိုက်မပြောဘူး။ နည်းနည်းပြောဖြစ်တာကတော့ စစ်ရေးနဲ့ အဖြေရှာ ပြီးတော့ ဖြေရှင်းမယ့်အစား အခုလို စားပွဲပေါ်မှာ တဦးနဲ့တဦး ပွင့်ပွင့်လင်းလင်းပြော ဆိုပြီးတော့မှ နိုင်ငံရေးကို ပြောဆိုဆွေးနွေးသွားရင်တော့ ပိုပြီးမြန်ဆန်အောင် ဖြစ်သွားနိုင်တာ ပေါ့လေ။ ပြဿ  နာကို လက်နက်နဲ့ဖြေရှင်းရင် မဖြစ်သင့်တာတွေဖြစ်မယ်။ ပြည်သူလူထုတွေ ပိုပြီးတော့ ဒုက္ခရောက်မယ်ပေါ့။”

သမ္မတတို့ဘက်က သမ္မတအပြင် တခြားဘယ်နှစ်ဦးစကားပြောပါသလဲ။

“သမ္မတ တဦးတည်း ပြောပါတယ်။ ကေအိုင်အိုဘက်ကတော့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ကေအိုင်အိုဗဟိုအလုပ်အမှုဆောင် အထွေထွအတွင်းရေးမှူးဖြစ်တဲ့ ဒေါက်တာလားဂျာပြောပါ တယ်။  ကေအိုင်အို ငြိမ်းချမ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂွမ် ပြောတယ်။ ပြီးတော့ ဒုစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် ပြောပါတယ်။”

နောက်နောင်ဆက်လက်ဆောင်ရွက်မယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီးရော  ပြောခဲ့သေးလား။

“ဟုတ်ကဲ့၊ ကေအိုင်အိုဟာ တပြည်လုံးအပစ်ခတ်ရပ်စဲရေး တိုင်းရင်းသားလက်နက်ကိုင် အလုပ်အဖွဲ့ အန်စီစီတီထဲမှာလည်း ပါဝင်ပြီး မနက်ဖြန်မှာ အဲဒီအဖွဲ့အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ရန်ကုန်မှာ ဆက်ပြီး တွေ့ဆုံဆွေးနွေးမယ့် အကြောင်းတွေ ပြောခဲ့ပါတယ်ခင်ဗျ။”

ဒီကနေ့ သမ္မတနဲ့ တွေ့ဆုံဆွေးနွေးခဲ့မှုပေါ် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တယောက်အနေနဲ့ ဘယ်လိုသုံး သပ်ပါသလဲ။

“ဒီလိုတွေ့ရတာ ကောင်းပါတယ်။ ဒီကနေ့ တွေ့ဆုံမှုမှာ နှစ်ဦးနှစ်ဝ ကျေနပ်အားရဖြစ်တယ် ဆိုတာ တွေ့ရပါတယ်။  လွန်ခဲ့တဲ့ အချိန်တွေက ကေအိုင်အိုရဲ့ သဘောထားကို အောက်ခြေမှာပဲ ပြောကြဆိုကြရတယ်။ တာဝန်ရှိသူတွေက သူတို့ရဲ့ ခေါင်းဆောင်ကြီးတွေကို တင်ပြရာမှာ အကုန်မပြောရဲ မဆိုရဲတာတွေလည်း ရှိမယ်။ အခုတော့ ကေအိုင်အိုရဲ့ သဘောထားကို သမ္မတကြီးဆီ တိုက်ရိုက်တင်ပြခွင့်ရတော့ ကောင်းတာပေါ့။ ဒီလို ထိပ်သီးပိုင်းတွေ မကြာခဏ တွေ့ဆုံခြင်းအားဖြင့် ငြိမ်းချမ်းရေးအလားအလာတွေ တော်တော်လေးကို တိုးတက်အဆင်ပြေ လာမယ်လို့ ယုံကြည်ပါတယ်။  ပိုပြီးတော့ ကောင်းမွန်လာမယ်လို့ ကျနော်မြင်ပါတယ် ခင်ဗျ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013