
စစ်အာဏာရှင် မင်းအောင်လှိုင်က ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ လမ်းဘေးဝဲယာက ဈေးဆိုင်ခန်းတွေအားလုံး ဖျက်သိမ်းဖို့ တိုင်းအစိုးရကို အမိန့်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မေ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ဌာနဆိုင်ရာအစည်းအဝေးမှာ စစ်အာဏာရှင်ရဲ့ ညွှန်ကြားချက်ကို ကိုးကားပြီး ဝန်ကြီးချုပ်ဦးအောင်နိုင်သူက မြို့နယ်တိုင်းမှာရှိတဲ့ လမ်းဘေးဝဲယာဈေးဆိုင်ခန်းတွေ စာရင်းကောက်ဖို့ ပြောဆိုခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူက ပြောပါတယ်။
“မနေ့က တိုင်းအစည်းအဝေးမှာ ကိုယ်မြို့နယ်အတွင်းမှာရှိတဲ့ လမ်းဘေးဝဲယာက ဈေးဆိုင်တွေ စာရင်းတင်ပြဖို့ သမ္မတက ဖျက်ဖို့အမိန့်ပေးတာကြောင့် ရက် ၁၀၀ စီမံချက်မှာ လမ်းဘေးဈေးဆိုင်တွေဖျက်ဖို့ အစီအစဥ်ထဲမှာ ပါတယ်လို့ ဝန်ကြီးချုပ်က ပြောတယ်။”
လမ်းဘေးဈေးဆိုင်တွေကို ကာလတခု သတ်မှတ်ကာ ကိုယ့်အစီအစဥ်နဲ့ ဖျက်ခိုင်းမှာဖြစ်ပြီး သတ်မှတ်ကာလ ကျော်လွန်ပါက တိုင်းအစိုးရအဖွဲ့က တရားဥပဒေအရ အရေးယူသွားမှာလို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
မြို့ပေါ်နဲ့ရပ်ကွက်အတွင်းရှိ စည်ပင်မြောင်းပေါ်မှာ တိုးချဲ့ဆောက်လုပ်ထားတဲ့ ဈေးဆိုင်၊ အိမ်ခန်းများ စာရင်းတွေကို ကောက်ယူခိုင်းတာဖြစ်ပြီး လတ်တလော ကျူးကျော်နေအိမ်တွေ မပါသေးဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့နီးစပ်သူက ပြောပါတယ်။
“စည်ပင်က ၄ ရက်နေ့ကတည်းက ရပ်ကွက်ရုံးတွေကို စာပို့ထားတာရှိတယ်။ ရပ်ကွက်ထဲက လမ်းတွေမှာ စည်ပင်မြောင်းကိုကျော်ပြီး ဈေးဆိုင်တွေ ဆောက်ထားတဲ့စာရင်း ကောက်ပေးဖို့ ဘယ်နေ့ ဖျက်မယ်ဆိုတာ စာထဲမှာ မပါဘူး။ စာရင်းကောက်ခိုင်းတာလည်း စည်ပင်နယ်နိမိတ်ကျော်ပြီး ဆောက်တဲ့ဈေးဆိုင်ပဲ ကောက်ခိုင်းတာ။ ကျူးကျော်အိမ်တွေ မပါဘူး။”
စစ်အာဏာရှင်က ရန်ကုန်ရောက်တိုင်း မြို့နယ်အများစု လမ်းဘေးဝဲယာဈေးဆိုင်တွေ ဖျက်ရတာ အစဥ်အလာတခုလို ဖြစ်နေပြီး ၂၀၂၅ နှစ်ကုန်ပိုင်းက မြောက်ဒဂုံ၊ တောင်ဒဂုံ၊ တာမွေ၊ စမ်းချောင်း၊ သာကေတနဲ့ တောင်ဥက္ကလာပမြို့နယ်မှာ လမ်းဘေးဈေးဆိုင်တွေကို ဖျက်ခဲ့တယ်လို့ ဈေးသည် တယောက်က ပြောပါတယ်။
“မင်းအောင်လှိုင် ရန်ကုန်ရောက်တိုင်း လမ်းဘေးဆိုင်တွေ ဖျက်ရတာ အစဥ်အလာတခုလို ဖြစ်နေပြီ။ မနှစ်ကဆို တောင်ဒဂုံကို မင်းအောင်လှိုင် လာတော့ သူ သွားတဲ့ လမ်းတောက်လျှောက်က ဆိုင်တွေကို စည်ပင်က အကုန်ဖျက်ပစ်တာ။ မရှိလို့ လမ်းဘေးဈေးရောင်းစားတာ။ ဒီလူတွေပဲ စစ်တပ်က ဘဝပျက်အောင် လုပ်နေတယ်။”
မေ ၂ ရက် စစ်အာဏာရှင်က လှိုင်သာယာမြို့နယ်ကို ရောက်လာပြီးနောက် ရန်ကုန်တိုင်းအတွင်းရှိ မြိုနယ်တွေမှာရှိတဲ့ လမ်းဘေးဝဲယာဈေးဆိုင်တွေကို ဖျက်သိမ်းဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။










