DVB Logo
Home
မြန်မာသတင်း
နေပြည်တော်ရောက် ကေအိုင်အိုအဖွဲ့ သမ္မတနှင့် တွေ့ဆုံ
DVB
·
March 16, 2015
နေပြည်တော်ရောက် ကေအိုင်အိုအဖွဲ့  သမ္မတနှင့် တွေ့ဆုံ
Donate to DVB

နေပြည်တော်မှာ ရောက်ရှိနေတဲ့ ကေအိုင်အေ ကချင်လွတ်လပ်ရေးအဖွဲ့က ထိပ်တန်းခေါင်းဆောင်တွေဟာ မတ်လ ၁၆ ရက် တနင်္လာနေ့  မနက်က  သမ္မတဦးသိန်းစိန်နဲ့  သမ္မတရဲ့လယ်တောအိမ်ရာမှာ တွေ့ဆုံကြပါတယ်။

သမ္မတနဲ့တွေ့ဆုံရာမှာ အချက် ၃ ချက်တင်ပြဖို့ ကေအိုင်အိုဘက်က အဆိုပြုထားတယ်လို့  မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး  ဦးလှမောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။

“အဓိကကတော့ အချက် ၃ ချက်ပေါ့နော်၊ တစ်က သူတို့လာတာဟာ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်အရလာတယ်ပေါ့နော်။  ဒုတိယအချက်က သူတို့အနေနဲ့ တနိုင်ငံ လုံး ဆိုင်ရာ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးဖို့ကို မူအားဖြင့် သူတို့ဗဟိုကော်မတီက ဆုံးဖြတ်ပြီးပြီပေါ့။ မထိုးဘူးမဟုတ်ဘူး။ ထိုးမယ်ပေါ့။ လာညှိနှိုင်းတာပေါ့။ နံပတ် ၃ ကတော့ သမ္မတနဲ့ ကာချုပ်ကို သူတို့အနေနဲ့ သူတို့ဗဟိုကော်မတီရဲ့ကိုယ်စား ဥက္ကဋ္ဌ ဦးဇောင်းဟရား လက်မှတ်ရေး ထိုးထားတဲ့ အဆိုပြုလွာကို ပေးအပ်လိုတယ်ပေါ့၊ အဲဒါတွေ ပါပါတယ်။”

ကေအိုင်အိုအဖွဲ့ကို သမ္မတအပါအ၀င် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စု ၀န်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဦးခင်မောင်စိုး၊ ဦးသိန်းဇော်၊  ပြန်ကြားရေးဒုဝန်ကြီး ဦးပိုက်ထွေး နဲ့  ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ပါ လက်ခံတွေ့ ဆုံတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ကေအိုင်အို ခရီးစဉ်မှာလိုက်ပါသွားတဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးစန့်အောင်က လည်း သမ္မတနဲ့ တွေ့ဆုံရာမှာ ကေအိုင်အိုဘက်က ဒေါက်တာလားဂျာ၊ ဦးဆွမ်လွတ်ဂွမ်၊ ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီးဇော်ဒေါင်၊ ဗိုလ်မှူးကြီးလဖိုင်လနဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာ၊ ဦးယုဇခုန်တို့ ပါဝင်တယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

ကေအိုင်အို အဖွဲ့ဟာ ညနေပိုင်းမှာတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံမယ်လို့  သူကဆက်ပြောပါတယ်။

သမ္မတနဲ့ တွေ့ဆုံဆွေးနွေးတဲ့အကြောင်းအရာတွေ မသိရသေးပေမယ့်လည်း ညနေပိုင်း ကာချုပ်နဲ့ တွေ့ဆုံရာမှာတော့  လတ်တလောပစ်ခတ်မှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ကေအိုင်အေဗိုလ်လောင်းသင်တန်းကျောင်း အပစ်ခတ်ရတဲ့ကိစ္စတွေ ပါဝင်မယ်လို့ ဆိုပါတယ်။

ကာချုပ်နဲ့တွေ့ဖို့ မူလက  တီအန်အယ်လ်အေ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်ပါ ပါဝင်ဖို့ရှိပေမယ့် လမ်း ခရီးလုံခြုံရေးအခြေအနေကြောင့် မလာနိုင်တော့ဘူးလို့ ဦးစန့်အောင်က ပြောပါတယ်။

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့က ခေါင်းဆောင်တွေဟာ  မနေ့ကလည်း နေပြည်တော်မှာ ပထမဆုံးအကြိမ်အဖြစ်  ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းမောက်ခမ်း အပါအ၀င် ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး ရည်ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိရေးနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဓာတ်ပုံ - ဦးလှမောင်ရွှေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013