အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်အပြီး အီရန်ဟာ အရှေ့အလယ်ပိုင်းက ကိုယ်စားလှယ်အဖွဲ့တွေဆီ လက်နက်တွေ ဖြန့်ဝေနိုင်တော့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတအိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လဲဗစ်က ဧပြီ ၈ ရက်မှာ ပြောပါတယ်။
အမေရိကန်က လက်မခံနိုင်ဘူးလို့ ယူဆတဲ့ အစီအစဉ်တရပ်ကို အီရန်က တင်ပြပြီးတဲ့နောက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ဖို့ ပိုပြီး ကျိုးကြောင်းဆီလျော်တဲ့ အစီအစဉ်တရပ်ကို အီရန်က အဆိုပြုခဲ့တယ်လို့ သူက မီဒီယာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားကတဆင့် သွားလာမှု မြင့်တက်လာတာကို တွေ့မြင်ခဲ့ရတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ဧပြီ ၁၀ ရက်မှာစဖို့ စီစဉ်ထားတဲ့ ဆွေးနွေးပွဲတွေမတိုင်မီ အချက် ၁၀ ချက်ပါ အဆိုပြုချက်ရဲ့ အဓိကအချက် ၃ ချက်ဟာ ချိုးဖောက်ခံခဲ့ရတယ်လို့ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ကာလီဘတ်က ဧပြီ ၈ ရက်မှာ ပြောပါတယ်။
အဲဒီလိုအခြေအနေမှာ ၂ နိုင်ငံ အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် ဆွေးနွေးပွဲတွေဟာ အကျိုးအကြောင်း မဆီလျော်တော့ဘူးလို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
ချိုးဖောက်မှုတွေထဲ လက်ဘနွန်နိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှု၊ အီရန်လေပိုင်နက်ထဲ ဒရုန်းတစင်း ကျူးကျော်ဝင်ရောက်မှုနဲ့ အီရန်ရဲ့ ယူရေနီယမ်သန့်စင်ဖို့ အခွင့်အရေးကို ငြင်းပယ်ခြင်းတို့ ပါတယ်လို့လည်း သူက X လူမှုကွန်ရက်ပေါ်က ပို့စ်တခုမှာ ပြောခဲ့ပါတယ်။
အမေရိကန်နဲ့ ဆွေးနွေးဖို့ အစ္စလာမ္မာဘတ်မြို့တော်ဆီ သွားမဲ့သူတွေဟာ နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီနဲ့ ကာလီဘတ်တို့ ဖြစ်လိမ့်မယ်လို့ ပါကစ္စတန် သတင်းရင်းမြစ်တွေက ပြောပါတယ်။
Source: Reuters










